ရာသီမရွေးစိုက်ပျိုးနိုင်သော ငရုတ်စိုက်တောင်သူများ မိုးငရုတ် ပိုမိုအဆင်ပြေ

မလှိုင် ၆  ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ရာသီမရွေး စိုက်ပျိုးနိုင်သော မိုးငရုတ်စိုက်ပျိုးရာတွင် ငရုတ်စိုက်တောင်သူများ ပိုမိုအဆင်ပြေကြောင်း သိရသည်။


မိုးငရုတ် စိုက်ပျိုးခဲ့သူ ဒေသခံတောင်သူတစ်ဦးက "ငရုတ်စိုက်ပျိုးခြင်းက နွေမိုးဆောင်း သုံးရာသီ စိုက်နိုင်ပြီး မိုးငရုတ်စိုက်ပျိုးသူတွေ အဆင်ပြေပါတယ်။ မိုးငရုတ်ကို နယုန်လဆန်းပိုင်းမှာ ပျိုးရပြီး ဝါခေါင်မှာ စိုက်ကျပါတယ်။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုဆို ဆွတ်ခူးလေ့ရှိတယ်။ ငရုတ် သီးနှံက  အစို / အခြောက် နှစ်မျိုးအရောင်းအဝယ် ဖြစ်ပြီး အခြောက်ကို လက်ရှိတစ်ပြည်ကို တစ်ထောင်ကျပ်ဝန်းကျင် ရောင်းချနေရပြီး ငရုတ်အစိုကို တစ်ပိသာ ၈၀ဝ ကျပ်ခန့် အထိ ရောင်းချနေရပါတယ်။ စိုက်ပျိုးစရိတ် အရင်းနည်းပါးတာက မိုးငရုတ်စိုက်ပျိုးခြင်းပါ။ ကျန်ရာသီ တွေမှာ စိုက်ပျိုးရင်တော့ ရေတင်ရတာမျိုးရှိတယ်။ ငရုတ်က အရှုံးဖြစ်ခဲတဲ့ သီးနှံမျိုးဖြစ်တဲ့အတွက် ငရုတ် စိုက်တောင်သူအဆင်ပြေပါတယ်” ဟု ဆိုသည်။


မလှိုင်မြို့နယ်တွင် ၂၀၁၈ ခုနှစ်၌ ငရုတ်စိုက်ဧက ၇၂၇ ဧကရှိပြီး တစ်ဧကလျင် ၁၃၅.၁၄ ပိဿာနှုန်း ထွက်ရှိကာ တစ်မြို့နယ်လုံး ပိဿာချိန် ၉၈၂၅၀ ထွက်ခဲ့ကြောင်း ၂၀၁၈-၁၉ ခုနှစ် သီးနှံစိုက်စာရင်းအရ သိရသည်။


ဘိုဘို(မလှိုင်)