ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း လေးထောင်ကျော်ကို ဖန်တီးပေးနိုင်ပြီဖြစ်

mdn

ရန်ကုန် ၃၁ မေ

 

ရန်ကုန်မြို့သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် မေ(၃၁)ရက်၊ ညနေ(၄)နာရီကကျင်းပသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄)ထောင်ကျော်ကို ဖန်တီးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

(၂၀၁၈)ခုနှစ်၊ ဧပြီလမှမေလအထိ (စက်တင်လာလ(၆)လအတွင်း) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း (၁၅)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၇.၁၃၆ သန်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၈.ဝ၅၆  သန်းဖြစ်၍ အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်းဒေါ်လာ ၄၅.၃၀ဝ သန်းခွင့်ပြုခဲ့သဖြင့် ရင်းနှီးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၇.၁၀ဝ သန်းဖြစ်ကြောင်း သိရသည်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းနှစ်ခုနှင့် မတည်ပြုလုပ်ငန်း ခြောက်ခုမှာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတညြ့်ပုခဲ့သည့်လုပ်ငန်း ငါးခု၊ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုသည့်လုပ်ငန်း တစ်ခုရှိသဖြင့် စုစုပေါင်းလုပ်ငန်း ရှစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၃.၂၉၉ သန်းကိုခွင့်ပြု/အတည်ပြုပေးခဲ့ပြီး  အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၆၃၀ ခုကိုဖန်တီးပေးနိုင်ပြီးဖြစ်၍ ယင်းခွင့်ပြု/အတည်ပြုလုပ်ငန်း ရှစ်ခုမှာ စက်မှုကဏ္ဍတို့မှဖြစ်သည်။

 

 

၂၀၁၈ခုနှစ်၊ ဧပြီလမှမေလအထိ (စက်တင်ဘာခြောက်လအတွင်း) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၄)ခု၊ အမေရိကန်ဒေါ်လာ ၁၁၈.၃၂၈ သန်းအပါအဝင် ကျပ် ၆၅၈,၇၇၉.၅၉၉ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၉.၄၇၆ သန်းအပါအဝင် ကျပ် ၆၆၇,၈၇၀.၅၉၉ သန်းခွင့်ပြုပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀)ခုကိုအတည်ပြုခဲ့ပြီး လုပ်ငန်းများအနက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုခဲ့သည်လုပ်ငန်း ငါးခုနှင့် ကရင်ပြည်နယ်ရင်း နှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုခဲ့သည့်လုပ်ငန်း တစ်ခုနှင့် မန္တလေးတိ်ုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုသည့်လုပ်ငန်း လေးခုရှိခဲ့ရာ စုစုပေါင်းလုပ်ငန်း (၁၀)ခုမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြစ်သော ဟိုတည်ကဏ္ဍ တစ်ခုနှင့်စက်မှုကဏ္ဍ ကိုးခုတို့ဖြစ်သည်။

 

ယနေ့မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ ပိုမိုတိုးတက်ဖွံ့ဖြိုး၍ နိုင်ငံတော်၏ GDP မြင့်မားလာရန် မြန်မာနိုင်ငံသို့ အရည်အသွေးမြင့်သော ရင်းနှီးမြှုပ်နှံမှုများလာရောက်ရန်လိုအပ်ပြီး ထိုသို့လာရောက်ရာတွင် နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်နိုင်ရန် နှစ်ရှည်စက်ရုံလည်ပတ်နိုင်မှုနှင့် အဆိုပါအရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုကို ထိန်းသိမ်းနိုင်မှု၊ မြေယာငှားရမ်းရာ၌ နှစ်(၃၀)အထက်ငှားရမ်းနိုင်သော မြေဖြစ်မှသာ အရည်အသွေးမြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ရာ ခိုင်မာသောလုပ်ခငွေနှင့် တည်ငြိမ်သော တိုင်းပြည်ဝင်ငွေကို ရရှိစေမည်ဖြစ်သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် နှစ်ရှည်စက်ရုံ လည်ပတ်နိုင်မှုကဏ္ဍမှာလည်း အရေးပါလျှက်ရှိကြောင်းလည်း သိရသည်။

 

သတင်း-သန်းထိုက်

 

ဓာတ်ပုံ-သန်းစိုး