၂၁ မေ
မြန်မာပြည်တွင်းဈေးကွက်တွင် ဝယ်ယူစီးနင်းသူအချို့ရှိနေပြီး ပြည်တွင်းခရီးတိုသွားလာတတ်သူများ အကြိုက်တွေ့ လျက်ရှိသော Nissan Leaf ၏မော်ဒယ်သစ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကနှင့် ဥရောပဈေးကွက်အတွင်း စတင်ရောင်းချခဲ့ပြီး ဈေးနှုန်းသင့်တင့်သောကြောင့် ပရိသတ်များ အကြိုက်တွေ့လျက်ရှိသည်။
လျှပ်စစ်စွမ်းအင်စနစ်သုံးကားများကို လေထုညစ်ညမ်းမှုနှင့် စွမ်းအင်ချွေတာရန်အတွက် မော်တော်ယာဉ်လုပ်ငန်းများမှ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာခဲ့ရာ Nissan ကုမ္ပဏီသည်လည်း ပါဝင်လာခဲ့သည်။
Nissan သည် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ လျှပ်စစ်စွမ်းအင်သုံးကားဖြစ်သည့် Nissan Leaf အမျိုးအစားကို စတင်ထုတ် လုပ်ရောင်းချလာခဲ့ရာမှ ယခု ၂၀၁၈ မော်ဒယ်အထိပင်ဖြစ်သည်။ စတင်ထုတ်လုပ်စဉ်က ပုံစံဒီဇိုင်း အားနည်းချက်ကြောင့် မျက်နှာပန်းမလှခဲ့သော်လည်း ဈေးနှုန်းသက်သာသောကြောင့် ဈေးကွက်အတွင်း ရပ်တည်နိုင်ခဲ့ရာ ယခုအခါ ဒီဇိုင်းပိုင်း ပိုမိုလှပ လာသည်သာမက ထည့်သွင်းပေးထားသည့် နည်းပညာစနစ်များလည်း ပိုမိုကောင်းမွန်လာခဲ့သည်။
စတင်ထုတ်လုပ်ခဲ့စဉ်က ၁၀၇ မိုင်အကွာ အဝေးခန့်သာ မောင်းနှင်နိုင်ပြီး ၂၀၁၇ ခုနှစ်တွင် ၁၅၅ မိုင်ခန့်အထိမောင်းနှင်လာနိုင်ခဲ့ကာ ယခုနှစ်တွင် ၂၃၅ မိုင်အထိ မရပ်မနား မောင်းနှင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ တစ်ကြိမ်အားအပြည့် သွင်းထားရုံမျှဖြင့် ရှစ်စက္ကန့်အတွင်း ၆၂ မိုင်နှုန်းခန့် အရှိန်မြှင့်တင်မောင်းနှင်နိုင်မည်ဖြစ်ကာ မိနစ် ၄၀ အတွင်း ၈၀ ရာခိုင်နှုန်းခန့် စွမ်းအင်ပြန်လည် ဖြည့်တင်းနိုင်မည်ဖြစ်သည်။ Nissan Leaf 2017 မော်ဒယ်မှစတင်ကာ Android Auto, Apple Car Play တို့ကဲ့သို့ စမတ်ဖုန်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သော နည်းပညာများပါဝင်လာပြီး ယခုနောက်ဆုံး ထွက်ရှိလာသော မော်ဒယ်တွင်လည်း ခုနစ်လက်မအကျယ်ရှိသော ဘက်စုံသုံးမျက်နှာပြင်နှင့် အခြားနည်းပညာစနစ် များကို အဆင့်မြှင့်တင်ပေးထားပြီဖြစ်ကြောင်း သိရသည်။
၄၀ kWh ဘက်ထရီတပ်ဆင်ထားပြီး ၁၁၀ ကီလိုဝပ်လျှပ်စစ်မော်တာသည် မြင်းကောင်ရေ ၁၄၇ ကောင်အားဖြင့် မောင်း နှင်နိုင်မည်ဖြစ်ကာ ၆ ဒသမ ၆ ကီလိုဝပ် စွမ်းအင်ပြန်လည်ဖြည့်တင်းပေးနိုင်မည့် အားသွင်းစနစ် ပါဝင်သည်။ လျှပ်စစ် စွမ်းအင်သုံးစတီယာရင်စနစ်ဖြင့် ကားကိုကောင်းမွန်စွာ ထိန်းချုပ်မောင်းနှင်နိုင်ပြီး အရေးပေါ်အလိုအလျောက် ဘရိတ်ဖမ်းပေးသည့်စနစ် (ABS) ပါဝင်ကာ တာယာအချက်ပြသည့်စနစ်အပြင် တာယာကို ကိုယ်တိုင်ပြန်လည် ပြုပြင်ပေးနိုင်သည့် အပိုပစ္စည်းများလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။
လူငါးဦးအထိလိုက်ပါစီးနင်းနိုင်ပြီး မောင်းနှင်သူအတွက် ကောင်းမွန်သည့် အထောက်အပံ့များပေးထားသည့် ထိုင်ခုံနှင့် ရှေ့ဒိုင်ခွက်များမှာ လှပသပ်ရပ်စွာတပ်ဆင်ပေးထားသည်။ အပူချိန်အလိုအလျောက်ထိန်းချုပ်ပေးသည့်စနစ်၊ BOSE အမှတ်တံဆိပ် စပီကာခုနစ်လုံး၊ စမတ်ဖုန်းနှင့် တက်ဘလက်တို့ကဲ့သို့ မိုဘိုင်းဆက် အသုံးပြုနိုင်ခြင်း၊ အားပြန်လည်သွင်းယူနိုင်ခြင်း၊ အသံစနစ်ဖြင့် ကားအတွင်းရှိ သီချင်းနှင့်ရုပ်သံများကို ဖွင့်နိုင်ပိတ်နိုင်ခြင်း အစရှိသည်တို့အပြင် ယာဉ်ကြောပိတ် ဆို့သည့်နေရာများအား ပြသပေးခြင်း၊ ကားအတွင်း ပတ်လည်လေအိတ်ခြောက်လုံးပါဝင်ခြင်း အစရှိသည့် နောက်ဆုံးထုတ် လူစီးမော်တော်ယာဉ်များတွင် ပါဝင်သင့်သည်များကို ပြည့်စုံအောင်ထည့်သွင်းပေးထားသည်။ ကားတန်ဖိုးမှာ မြန်မာကျပ်ငွေဖြင့် သိန်း ၄၅၀ ဝန်းကျင်ခန့်တွင် ရရှိနိုင်ပြီး လက်ရှိပြည်တွင်းဈေးကွက်တွင် ရရှိနိုင်သော Nissan Leaf 2011 မော်ဒယ်ကားအမျိုးအစားမှာ မြန်မာငွေကျပ် ၁၄၅ သိန်းခန့်ဖြင့် ရရှိနိုင်သည်ဟု သိရသည်။
ALEX