ပြည်ပမှ ဝက်အကြီး တရားမဝင် တင်သွင်းမှုများကြောင့် ပြည်တွင်း ဝက်မွေးမြူရေး လုပ်ငန်းများ ထိခိုက်

mdn

မန္တလေး ၁၇ ဇူလိုင် 

 

ပြည်ပမှ ဝက်အကြီး တရားမဝင် တင်သွင်းမှုများကြောင့် ပြည်တွင်း ဝက်မွေးမြူရေး လုပ်ငန်းရှင်များ အခက်ခဲရှိနေကြောင်း သိရသည်။

 

 

ပြီးခဲ့သည့် ရက်ပိုင်းက မွေးမြူရေး လုပ်ငန်းရှင်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။

 

"ဝက်အကြီးတွေ တရားမဝင် ဝင်နေတာ ရှိတယ်။ ဝက်အကြီး တရားမဝင် တင်သွင်းတာကို လုံးဝခွင့်မပေးဖို့ တင်ပြခဲ့တယ်။ လက်ရှိမှာ ဈေးကွက်က ပျက်သလို ဖြစ်နေတာ" ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်မှ ပြောသည်။

 

ပြည်ပမှ ဝက်အကြီး တရားမဝင် တင်သွင်းမှုကြောင့် ဒိုင်ဝယ်ဈေးနှုန်းများ ကျဆင်းလာကြောင်း၊ ဝယ်ယူသူနည်း သွားကြောင်း သိရသည်။ အရင်က ဒိုင်ဝယ်ဈေး တစ်ပိသာ ၅၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိရာက ယခု တစ်ပိသာ ၃၈၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း သိရသည်။

 

"ဝက်မွေးရမှာတောင် ကြောက်လာပြီ။ ဝက်ထုတ်ချိန်ဆို ဝယ်သူကမရှိ" ဟု ဝက်မွေးမြူရေး လုပ်ငန်းရှင် ကိုထွန်းထွန်း မှပြောသည်။

 

ပြည်ပမှ ဝက်အကြီး တင်သွင်းမှုကြောင့် ပြည်တွင်း လုပ်ငန်းရှင်များတွင် အခက်အခဲ ကြုံတွေ့နေရသည့်အတွက် ဝက်အကြီး တင်သွင်းခွင့်မပြုရန်၊ ဝက်သားပေါက် Commercial pig တင်သွင်းခြင်း လုံးဝခွင့်မပြုရန်၊ မျိုးဝက်တင်သွင်းခြင်းအား ကူညီရန် တင်ပြခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင် 
Photo- ဝက်မွေးမြူရေး ဝါသနာရှင်များ