ပြန်လည်နိုးထလာသော ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကွက်

 

တင်ဝင်းလေး  (ကြည်မြင့်တိုင်)၊ ဓာတ်ပုံ  - တင်စိုး

၂၀၁၈ ခုနှစ်ကုန်ခါနီးအထိ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် မြုပ်ချီ တစ်ခါ ပေါ်ချီတစ်လှည့် ဖြစ်နေခဲ့သည်။ တံတား စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ၊ မြို့သစ်စီမံကိန်းများကြောင့် တည်ဆောက်တော့မည့်အသံ ကြားလိုက် မြင့်တက်သွားလိုက်၊ ကန့်ကွက်သံ၊ ဒီဇိုင်းပြင်ဆင်သံများ ကြားလိုက် ပြန်မြုပ်သွား လိုက်ဖြစ်နေခဲ့သည်။

ပျောက်သွားသည့်ကာလ၌ ဗိုက်နာ၍ (ငွေကြေးလို၍) အရေးပေါ် ပြန်ရောင်းရသည့် အချိန်၌ အောက်ဈေးဖြင့် ရောင်းသည့်တိုင် ဝယ်မည့်သူမရှိဖြစ်ခဲ့ရသည်။ လက်ရှိ ပုံမှန်ဈေးများ ထက်ပင် ထက်ဝက်နီးပါး ဈေးဆင်းခဲ့ရသည်။ ပန္နက်မတင်မီ တစ်လ၊ နှစ်လအတွင်းက ငွေကျပ် သိန်း ၅၀ဝ ခန့်တန်သော မြေတစ်ကွက်လျှင် ငွေကျပ်သိန်း ၂၅၀ အောက်ကျဆင်းသွားခဲ့သည်။ ဝယ်နိုင်သူများက ရှေ့ကိုမျှော်ကြ အောက်ဈေး နှင့် နှိုက်ကြသည်ဟု ဒလဌာနေ ဦးယဉ်ဦးက ဆိုသည်။

ဈေးကွက်ပြန်လည်နိုးထ

ဒလတံတားကြီးတည်ဆောက်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီဇင်ဘာ ၂၄ ရက်က ပန္နက်တင်ပေး လိုက်သည့်အတွက် ဒလမြစ်ကူးတံတားကြီး တည်ဆောက်ရေး သေချာသွားပြီဟု ဝမ်းပန်းတသာ ဒလမြို့သူမြို့သားတို့က ဆိုကြသည်။ အိမ်-ခြံ-မြေအကျိုးဆောင်များက ဈေးကွက် ပြန်လည်နိုးထလာတော့မည်ဟု ဆိုကြသည်။

မြို့ ကြီးတစ်မြို့၊ မြို့နယ်တစ်ခု၏ ဘက်ပေါင်းစုံ ဖွံ့ ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်မှု သည် အဓိကအကျဆုံးပင်ဖြစ်သည်။ ဒလတံတား ကြီးတည်ဆောက်ရာတွင် ကန့်ကွက်မှု၊ ဒီဇိုင်းရေးဆွဲရာတွင် အကြိမ်ကြိမ် ညှိနှိုင်းပြန်လည်ရေးဆွဲရခြင်းတို့ကြောင့် အချိန်ကာလများစွာ လစ်ဟင်းခဲ့ရသည်။

ဤနေရာတွင် တစ်ချိန်က နိုင်ငံတော်အကြီး အကဲတစ်ဦး၏ စကားကို နားထဲတွင် ပြန်လည် ကြားယောင်မိသည်။ တည်ဆောက်ရေးကာလ တစ်ရက်စောပြီးလျှင် ဒေသဖွံ့ဖြိုးမှု တစ်ရက်စော၍ ဒေသခံပြည်သူတို့ ပိုမိုအကျိုးကျေးဇူးဖြစ်တယ် ဟု ဆိုစကားပင်ဖြစ်သည်။

တံတားကြီးပန္နက်တင် အခမ်းအနားအပြီးတွင် အိမ်-ခြံ-မြေဈေးကွက်မှာ အမှန်တကယ်ပင် မြင့်တက်လာခဲ့သည်။

ယခုအခါ မြေဈေးကွက်များကို ဈေးအပြိုင် အဆိုင်ခေါ်လာကြသည်။ ပန္နက်မတင်မီက ဓနုတ် လမ်းမကြီးဘေးမှ ပေ (၄၀ _ ၆၀) မြေတစ်ကွက်လျှင် ငွေကျပ်သိန်း ၄၀ဝ၀ ကျော် ပေါက်ဈေးမှ ပန္နက်တင်အခမ်းအနားအပြီးတွင် တစ်ပတ်အတွင်း ခေါ်ဈေးမှာ ငွေကျပ်သိန်း ၅၀ဝ၀ ကျော်အထိ ဖြစ်လာခဲ့သည်ဟု သိရသည်။

အတွင်းပိုင်း၌ ယခင်က ပေ (၂၅ _ ၅၀) မြေတစ်ကွက်လျှင်ပင် ငွေကျပ်သိန်း ၃၅၀ ဝန်းကျင် မှ ယခုငွေကျပ်သိန်း ၅၀ဝ ကျော်အထိ ဈေးခေါ်လာကြသည်။

အဓိကတံတားကြီး လမ်းမတန်းဘေးမှ မြေကွက်များမှာ ဘဝတစ်သက်တွင် မကြားဖူးခဲ့ရသော ဈေးနှုန်းများ ဖြစ်လာခဲ့သည်။ ဦးယဉ်ဦးကပင် “အပြောမဟုတ်ဘူး တကယ်ဗျ။ ပြီးခဲ့တဲ့ ရက်ထဲကပဲ လမ်းဘေးမြေ ပေ (၆၀ _ ၄၀) ကို ငွေကျပ်သိန်း ၅၅၀ဝ နဲ့ အရောင်းအဝယ် ဖြစ်သွားခဲ့တယ်”ဟု အတည်ပြု ပြောကြားပေးခဲ့သည်။

ဒလတံတားပြီးက မြေဈေးတက်နိုင်

အခုက တံတားပန္နက်တင်ပြီးတဲ့အချိန်ပဲ ရှိသေးတယ်။ တံတားကြီးက ဧပြီလထဲမှာ စဆောက်တော့မှာ သုံးနှစ်စီမံကိန်းလို့ ပြောတယ်။ တံတားကြီးပြီးသွားရင်တော့ စီးပွားရေး၊ ကျန်းမာရေးအားလုံး ပိုမိုတိုးတက်သွားမယ်။ မြေဈေးကွက် ဈေးကတော့ အတက်ပဲရှိတော့မယ်” ဟု အိမ်ခြံမြေအကျိုးဆောင် ဒေါ်ယဉ်ယဉ်တင့်က ဆိုသည်။

သို့သော် လက်ရှိအခြေအနေတွင် ဝယ်လိုအားနည်းပြီး ရောင်းလိုအား ခေါ်ဈေးအားသာလျှင် များပြားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၉ ခုနှစ်အတွင်း အပြီးတည်ဆောက်မည့် နောက်ထပ်တံတားတစ်စင်းမှာ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖြစ်သည်။ တည် ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှ Tokyo Constrution Co.,Ltd နှင့် Sumitomo Mitsui Constrution Co.,Ltd ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။ နှစ်ဖက်စာချုပ် ချုပ်ဆိုခြင်းကို ဖေဖော်ဝါရီလအတွင်းနှင့် ပန္နက်တင်ခြင်းကို မတ်လအတွင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့အတွက် သန်လျင်ဘက်အခြမ်း မြေကွက် ဈေးနှုန်းများသည် မြင့်သည်ထက်ပိုမိုမြင့်တက် လာဖွယ်ရာရှိကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ဦးသန်းဝင်းထံမှ ကြားသိရသည်။ နည်းနည်းလှုပ်လာတယ်လို့ ဆိုရင်ရတယ်။ ကျွန်တော်တို့ဆီက ဈေးက အငြိမ်ဇယားပါ။ သီလဝါအထူးဇုန်ကြီး ပေါ်လာတဲ့အတွက်လည်း ပါတယ်။ လမ်းမတန်းမှာ ပေ (၄၀_၆၀) မြေ တစ်ကွက်က ယခင်ကျပ်သိန်း ၁၀ဝ၀ အောက် ရှိပေမယ့် အခု ကျပ်သိန်း ၁၂၀ဝ လောက်အထိတော့ အရွေ့ရှိတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်း

တစ်ဖန် သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကတည်းက အသံများကြားခဲ့ရသော ရန်ကုန်မြို့သစ် စီမံကိန်းကြီးသည်လည်း ပြန်လည်နိုးထလာပြီဟု ဆိုကြသည်။

စီမံကိန်းလုပ်ငန်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းကို တွံတေးမြို့နယ် လှိုင်သာယာ-တွံတေးသွားကားလမ်း တွံတေးတံတား အဆင်းအနီးတွင် တည်ဆောက်ပြီးနေပြီကို တွေ့ရသည်။

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့မှ မြေဧက ၂၀ဝ၀ဝ ကျော်ပေါ်တွင် တည်ဆောက် မည်ဖြစ်သည်။ မြို့သစ်စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း ကို ဂျပန်နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီနှစ်ခုတို့က ပူးပေါင်းရေးဆွဲကြမည်ဟု သိရသည်။ ဒီဇိုင်းရေးဆွဲ မှုကို ဇန်နဝါရီလအတွင်း ပြီးစီးမည်ဟု ရန်ကုန် မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC) က ဒီဇင်ဘာလအတွင်းက သတင်းထုတ်ပြန်ထားသည်။

လာမည့် မတ်လအတွင်း၌ စီမံကိန်းပထမ အဆင့်ဖြစ်သည့် မြေပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်သွားနိုင်မည်ဟု မှန်းထားကြောင်း သိရသည်။ စီမံကိန်းပမာဏကြီးမားသည့် အတွက် လုပ်သားဦးရေနှစ်သန်းခန့် အလုပ်အကိုင် အခွင့်အလမ်းများ စောစီးစွာပေါ်လာမည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုထားသည်။

မြေဈေးကွက်အနေအထားကို သိလို၍ တွံတေးမြို့နယ် တမာတကောကျေးရွာတွင် အိမ်တွင်းစက်မှုလုပ်ငန်း တည်ထောင်ထားသည့် ဦးထွန်းထွန်းထံ ဆက်သွယ်မေးမြန်းကြည့်ရာ “အရင်ကတော့ မြေတစ်ဧကကို ငွေကျပ်သိန်း ၂၀ဝ လောက်ရှိတယ်။ အခုအခြေအနေမှာတော့ ငွေကျပ် သိန်း ၂၅၀ နဲ့ ၃၀ဝ အကြားမှာတော့ ဈေးရှိတယ်။ ဒါပေမယ့် ဝယ်အားရှိပေမယ့် ရောင်းလိုအားကတော့ နည်းတယ်” ဟု ပြန်လည် ဖြေကြားမှုရရှိခဲ့သည်။

အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်

ယခုအခါ အိမ်ရာစီမံကိန်းများကိုလည်း အကောင်အထည်ဖော်နေပြီကို တွေ့လာရသည်။ ရန်ကုန်မြို့တွင် အိမ်ရာသစ်များအဖြစ် ပြန်လည် အကောင်အထည်ဖော်ရန် ၁၂ ခုရှိသည်ဟု သိရသည်။ ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ လမ်းသစ်အိမ်ရာ၊ ဖ.ဆ.ပ.လ အိမ်ရာ၊ မင်းမနိုင် အိမ်ရာ၊ ပြည်တော်သာအိမ်ရာ စသည်တို့ ဖြစ်သည်။ ထိုအထဲမှ ဦးစားပေးအဆင့်အလိုက် တည်ဆောက်သွားမည်ဟု သိရသည်။ ယခုအခါ လမ်းမတော်မြို့နယ်ရှိ လမ်းသစ်အိမ်ရာ၊ ပုဇွန် တောင်မြို့နယ်ရှိ ပြည်တော်သာအိမ်ရာတို့တွင် စတင်အကောင်အထည်ဖော်လျက် ရှိနေပြီကို တွေ့လာရသည်။

ယခုအခါ ရန်ကုန်မြို့နယ်အနှံ့အပြား၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှပခေတ်မီသော အိမ်ရာသစ်များ တည်ဆောက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော ပုဇွန်တောင် မြို့နယ် ပြည်တော်သာအိမ်ရာစီမံကိန်း ပန္နက် တော်တင်အခမ်းအနားတွင် ကျွန်တော်တို့ အိမ်ရာ Project တွေ ဖော်ထုတ်ပေးဖို့ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာအောင်လည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ Project  အတွက် အရောင်းအဝယ် ဖြစ်လာအောင်လည်း Market Demand (ဈေးကွက်လိုအပ်မှုအရ) အစိုးရဘက်ကနေ တတ်နိုင်သလောက် ဥပမာ-ချေးငွေကိစ္စတွေ စီစဉ်ပေးရမယ်။ ဝန်ထမ်း ဒါမှမဟုတ် မိသားစု ဝင်ငွေကျပ် ငါးသိန်း၊ ၁၀ သိန်းရှိတဲ့အပေါ်မှာ မူတည်ပြီး ဘယ်လိုအခန်းမျိုးကို ဘယ်လိုငွေပေး ချေမှုနဲ့ ရောင်းမယ်ဆိုတာ တွက်ဖို့လိုပါတယ်။ အဓိကချေးငွေစနစ်ကို ဖန်တီးပေးရပါမယ်။ ဒါမှသာ ရောင်းဝယ်မှု တက်လာမှာဖြစ်ပါတယ်။ နောက်စီမံကိန်းတွေ အောင်မြင်လာမယ်။ အဲဒီလိုဖြစ်ဖို့အတွက်ကိုလည်း နိုင်ငံတော်အနေနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဥက္ကဋ္ဌအဖြစ် ကုမ္ပဏီဖွဲ့ တာဝန်ယူဆောင်ရွက် နေတဲ့အစီအစဉ်များလည်း ရှိနေပါတယ်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆိုထားသည်။

မည်သို့ပင်ဆိုစေ အစိုးရအလုပ်နှင့်အညီ ရန်ကုန်အိမ်ခြံမြေဈေးကွက်သည်လည်း လှုပ်ခတ် လာပြီဖြစ်ပေသည်။

မြန်မာ့အလင်း