ပွင့်ဖြူမြို့နယ်၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

ပွင့်ဖြူ  ၆  ဖေဖော်ဝါရီ     


နယ်သာလန်နိုင်ငံ အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် East West Seed နှင့် VEGCAP တို့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီခွဲ က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ တောင်သူ ဦးဘိုနိုင် အပါအဝင် တောင်သူ ၄ ဦး၏ ကွင်းအမှတ် ၉၀ဝ စိုက်ပျိုးမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။ 


အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် တောင်သူပညာပေးကွင်း သရုပ်ပြပွဲတွင် မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်းက တောင်သူများ ယခု ပြုလုပ်သည့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲမှ ဓာတုကင်းလွတ်သော အခြေခံသီးနှံစိုက်ပျိုးနည်းစနစ်များကို လေ့လာပြီး တောင်သူအချင်းချင်း လက်ဆင့်ကမ်း မျှဝေပေးသွားစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

123


ထို့နောက် ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ နယ်သာလန်နိုင်ငံ ကောင်စစ်ဝန် မစ္စတာ မက်ဒရပ် က  ဓာတုကင်းလွတ်သော အခြေခံ စိုက်ပျိုး နည်းစနစ်များကို အသုံးပြုကာ အရည်အသွေးပြည့်ဝသော သီးနှံထွက်ကုန်များ တင်ပို့ရောင်းချလာနိုင်စေရန်နှင့် သီးနှံထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲအား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ East West Seed မှ General Manager  Mr.Kang က တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးထားသည့် ဓာတုကင်းလွတ် အခြေခံစိုက်ပျိုးနည်းစနစ်များအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ၎င်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ဒေသနှင့် ကိုက်ညီမည့် သီးနှံစိုက်ပျိုးနည်းစနစ်များနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မကွေးတိုင်း ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ 


ထို့နောက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများက နယ်သာလန် နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် East West Seed နှင့် VEGCAP တို့မှ စိုက်ပျိုးရေးပညာရှင်များ၏ ပညာပေးစိုက်ပျိုးထား ရှိသည့် ခရမ်းချဉ် ၊ ကြက်ဟင်းခါး ၊ ခဝဲသီးနှံစိုက်ခင်းများနှင့် စိုက်ပျိုးနည်းစနစ် ပညာပေးပြန်ခန်းများသို့ သွားရောက်ကာ ဓာတုကွင်းလွတ်သော အခြေခံစိုက်ပျိုးနည်းစနစ်များကို စိတ်ဝင်တစား လှည့်လည်လေ့လာကြည့်ရှုရာ ပညာပေးပြခန်း များရှိ စိုက်ပျိုးရေးပညာရှင်များအဖွဲ့က တောင်သူများမှ သိရှိလိုသည့်မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြ သည်။ 


ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့ နယ်သာလန် နိုင်ငံ ကောင်စစ်ဝန် မစ္စတာ မက်ဒရပ် နှင့် အဖွဲ့ဝင်များ ၊ East West Seed နှင့် VEGCAP မှ စိုက်ပျိုးရေး ကျွမ်းကျင် ပညာရှင်များ ၊ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတောင်သူများ စုစုပေါင်း အင်အား ၄၀ဝ ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရပြီး၊ အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲအား ဖေဖော်ဝါရီ ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံမှ သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)

 

123