ပခုက္ကူမြို့နယ် သဇင်ကျေးရွာတွင် ကြိမ်ရက်လုပ်သည့်လုပ်ငန်းဖြင့် ဝင်ငွေများရရှိနေ

ပခုက္ကူ   ၂၆   ဇန်နဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သဇင်ကျေးရွာသည် မြန်မာ့လက်မှုပညာ ကြိမ်ဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးရက်လုပ်၍ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများသို့ တင်ပို့ရောင်းချကာ ဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

 

11

 

သဇင်ကျေးရွာကို ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးနှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် ကြိမ်ရက်လုပ်ခြင်းလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်းကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်းသုံးရာ ချထားဆောင်ရွက်ပေး  ခဲ့ရာ လေးနှစ်တာကာလအတွင်း လည်ပတ်ရန်ပုံငွေစုစုပေါင်း ကျပ်သိန်း ၄၅၄ သိန်းရရှိကာ အဆိုပါ လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ညကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများမှ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ၊ ဒေသခံများနှင့်တွေ့ဆုံ၍  လုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးတို့ကို တွေ့ဆုံဆွေးနွေးပြီး ကျေးရွာတွင်း ကြိမ်ရက်လုပ်နေမှုများ ကြည့်ရှုအားပေးသည်။

 

အဆိုပါကျေးရွာတွင် မြန်မာ့လက်မှုပညာ ကြိမ်ဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရက်လုပ်ခြင်းလုပ်ငန်းကို အိမ်ခြေ ၁၃၅ အိမ်အနက် ၁၁၅ အိမ်မှာ တစ်ပိုင်တစ်နိုင်နှင့် လက်လုပ်လက်စား ရက်လုပ်ကြပြီး လက်လုပ်လက်စားလုပ်ကိုင်သူများ အနေဖြင့်လည်း နေ့စဉ်ဝင်ငွေ ကျပ် ၃၀ဝ၀ မှ ကျပ် ၅၀ဝ၀ အထိ ရရှိကြောင်း သိရသည်။ 

 

22

 

ကြိမ်ဖြင့်ရက်လုပ်ရာတွင် ကြိမ်ဆွမ်းအုပ်ပုံစံအမျိုးမျိုး၊ ကြိမ်ပုခက်၊ ကြိမ်လက်ဆွဲခြင်းအမျိုးမျိုး ၊ ကြိမ်ခြင်းလုံးဆိုဒ်အမျိုးမျိုး၊ ကြိမ်ဒေါင်းလန်းအမျိုးအမျိုး စသည်တို့အပါအဝင် အမျိုးအစား ၅၀ ကျော်ရက်လုပ်လျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ ကျေးရွာဟာ ပုဂံညောင်ဦးနှင့် တစ်ဖက်ကမ်းမှာရှိတဲ့အတွက် တန့်ကြည်တောင်ဘုရား ဖူးရင်လာတဲ့ နိုင်ငံခြားသားဧည့်သည်တွေလည်း မကြာခဏ ဆိုသလိုလာပါတယ်။ ဒီကနေ ထွက်တဲ့ ကြိမ်ထည်ပစ္စည်းတွေကိုလည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပုဂံညောင်ဦးမြို့များနှင့် အခြားမြို့များကိုလည်း လက်လီလက်ကား တင်ပို့ရောင်းချနေပါတယ်။ ရက်လုပ်တဲ့ ကြိမ်ထည်က ခေတ်နှင့်အညီ လူကြိုက်များတဲ့ ပုံစံတွေရက်လုပ်သူတွေကတော့ ဈေးကောင်းပိုရတာပေါ့။ မြန်မာ့လက်မှုပညာ ကြိမ်လုပ်ငန်း ရေရှည်ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ " အဆိုပါကျေးရွာနေ ဦးသန်းမင်းက ပြောသည်။ 

 

သန်းလွင်(မကွေး)      

 

33