ပေါ်ထွက်လာဦးမယ့် ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်သစ်တွေ

ဝေယံဦး

 

 

ရန်ကုန်မြို့ကို ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်အောင်စီမံကိန်းတွေနဲ့ စနစ်တကျဆောင်ရွက်နေချိန်ဖြစ်တာမို့ ပြည်တွင်း ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြို့ပြတိုးတက်မှု ပုံရိပ်အသစ်တွေ ထွက်ပေါ်လာဖို့ ကြိုးစားနေပါတယ်။ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တယ်ဆိုပေမယ့် ရန်ကုန်မြို့ပြရဲ့ ပုံရိပ်ဟာ တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အနာဂတ်မှာ စည်စည်ဝေဝေရှိနေမှာတော့ အမှန်ပါပဲ။

 

 

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ စီမံကိန်း အကြီး၊ အလတ်၊ အသေးတွေ အများအပြားရှိနေ ပါတယ်။ အဲဒီစီမံကိန်းတွေအနက် ရန်ကုန်တိုင်း အလုံမြို့နယ် ဗဟိုလမ်း အမှတ် ၂၄(A) ရှိ မြေ အကျယ်အဝန်း ၆ ဒသမ ၉၈၂ ဧက အပေါ်မှာ မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။

 

 

မြို့ပြပုံရိပ်ကို မထိခိုက်စေဖို့အတွက် စနစ်တကျထိန်းသိမ်း

 

 

ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်း ပြည်ပက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့် ကုမ္ပဏီတွေကို စိတ်ဝင်စားမှု အဆိုပြုလွှာတွေကို ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာ ၁၄ ရက်မှ ၂၈ ရက် အတွင်း တင်သွင်းဖို့ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ စီမံကိန်းဟာ လူမှုစီးပွား ဖွံ့ဖြိုးရေးနဲ့ မြို့ပြဖွံ့ဖြိုးရေး အထောက်အကူပြု အဆောက်အအုံတွေ တည် ဆောက်ဖို့ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် မထိ ခိုက်ဖို့နဲ့ မြို့ပြပုံရိပ်ကို မထိခိုက်စေဖို့အတွက် စနစ်တကျ ထိန်းသိမ်းအကောင်အထည်ဖော် တည်ဆောက်သွားမှာဖြစ်ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှုအနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

 

ဒါ့အပြင် ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းမကြီးတွင် တည်ဆောက်မယ့် Emerald Bay စီမံကိန်းကလည်း ရန်ကုန်မြို့ပြရဲ့ တိုးတက်ဖွံ့ဖြိုးမှုပုံရိပ်သစ်တစ်ခုအဖြစ် ထွက်ပေါ် လာဖို့ ရှိနေပါတယ်။ ဒီစီမံကိန်းဟာ ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ဆုံတဲ့ ဧရိယာ ဖြစ်ပြီး မြေဧက ၇ဝ ခန့်ပေါ်မှာ တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။

 

 

အဲဒီစီမံကိန်းမှာတော့ အထပ်ပေါင်း ၃၂ ထပ် ရှိတယ့် အဆောက်အအုံငါးလုံးကို ပထမအဆင့် အနေနဲ့ တည်ဆောက်မှာဖြစ်ပြီး ကျန်တည်ဆောက် ရေးအပိုင်းတွေကိုတော့ လာမယ့်ငါးနှစ်အတွင်း အပြီးတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါ တယ်။ စင်ကာပူကုမ္ပဏီ Golden Paragon နဲ့ မြန်မာနိုင်ငံမှ တက်လမ်းကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်သလို ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၁၇ဝ ခန့်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

နိုင်ငံတကာဘက်စုံ ခေတ်မီကစားကွင်းစီမံကိန်း

 

 

Emerald Bay စီမံကိန်းမှာတော့ နိုင်ငံ တကာအဆင့်မီ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ၊ မူကြိုစာသင်ကျောင်း၊ အားကစားကွင်း၊ ရေကူးကန်၊ ပန်းဥယျာဉ်စတဲ့ လူမှုဘဝလိုအပ်ချက်တွေ ဖြည့်ဆည်းပေးမယ့်နေရာတွေ အဆောက်အအုံတွေ၊ ခန်းမတွေ ပါဝင်မှာ ဖြစ်ပါတယ်။ စီမံကိန်း တစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ၃၂ ထပ်မြင့်တဲ့ ကွန်ဒိုအဆောက်အအုံတွေနဲ့ ဖွဲ့စည်းတည် ဆောက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါ တယ်။ ရန်ကုန်မြို့ပြရဲ့ ပုံရိပ်သစ်တစ်ခုဖြစ်လာမယ့် နောက်တစ်ခုကတော့ တိရ္ဆာန်ဥယျာဉ်(ရန်ကုန်) အနီး တည်ဆောက်မယ့် နိုင်ငံတကာ ဘက်စုံ ခေတ်မီကစားကွင်းစီမံကိန်း ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတကာ ဘက်စုံခေတ်မီကစားကွင်းကို တည်ဆောက်ဖို့အတွက် တင်ဒါခေါ်ယူရွေးချယ် ပြီးရင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

 

 

ပြည်ပခရီးသွား ဧည့်သည်တွေပါ လာရောက်ပြီး ကျန်းမာရေးအတွက်ရော၊ အပန်းဖြေစရာ လေ့ကျင့်ရေးအတွက်ပါ ဆင်နွှဲနိုင်မယ့် နိုင်ငံတကာ အဆင့်မီကစားကွင်း တည်ဆောက်ရေးအတွက် ကုမ္ပဏီပေါင်း ၂ဝ ကျော်က စာရင်းပေးထားပြီး ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီဇိုင်းတွေ တင်ပြ ရမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အဲဒီစီမံကိန်း ကိုတော့ တိုင်းသစ်တောဦးစီးဌာန အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာ တွေက ပူးပေါင်းအကြံပြု ဆောင်ရွက်သွားဖို့ရှိတယ် လို့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေက ပြောထားပါတယ်။

 

 

ဂျပန်အကူအညီနဲ့ နိုင်ငံတကာအဆင့်မီ  ဒီဇိုင်းရေးဆွဲထား

 

 

ဒါ့အပြင် အစားအစာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆောက်အအုံကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချိုလမ်းမှာရှိတဲ့ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာမှာ တည်ဆောက်ဖို့ ရှိနေပါတယ်။ ဂျပန်အကူအညီနဲ့ နိုင်ငံတကာ အဆင့်မီ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး ၂ဝ၁၉ ခုနှစ် အကုန်မှာ ပြီးစီးအောင် တည်ဆောက်သွားဖို့ မျှော်မှန်းထားပါတယ်။

 

 

အဲဒီ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း အဆောက်အအုံစီမံကိန်းကို မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းပြီး PPP စနစ်နဲ့ ဆောင်ရွက်အကောင်အထည်ဖော် တည်ဆောက်မှာ ဖြစ်ပါတယ်။

 

 

ပြည်သူတွေအနေနဲ့ အစားအသောက်တွေကို စံနှုန်းမီမီ သိရှိစားသောက်နိုင်ဖို့ ဓာတ်ခွဲ စစ်ဆေးနိုင်တဲ့အပြင် နိုင်ငံတကာကိုတင်ပို့မယ့် အစားအသောက်ကုန်ပစ္စည်းတွေကို နိုင်ငံတကာ စံချိန်စံညွန်း အရည်အသွေးမီနိုင်မှု ရှိ မရှိကို ဓာတ်ခွဲစစ်ဆေးပေးနိုင်မှာဖြစ်လို့ ရန်ကုန်မြို့ရဲ့ ပုံရိပ်ကောင်းတစ်ခုအဖြစ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

 

 

ရန်ကုန်မြို့ဟာ ဘက်ပေါင်းစုံက တိုးတက် ဖွံ့ဖြိုးဖို့ လိုအပ်တာရှိနေသလို အဲဒီတိုးတက်ဖွံ့ဖြိုးမှု တွေကလည်း ပြည်သူတွေရဲ့ အကျိုး၊ သဘာဝ ပတ်ဝန်းကျင်ရဲ့အကျိုးကို မထိခိုက်ဘဲ ပိုမို ဖြည့်ဆည်းပေးနိုင်မယ့် အနေအထားမျိုးရှိဖို့တော့ လိုအပ်တာအမှန်ပါပဲ။ ။