ပြာသိုလပြည့် အမေများနေ့

မုဒိတာ (တောင်သာ)


ပြာသိုလသည် မြန်မာလများတွင် ဆယ်လမြောက်သောလဖြစ်ပြီး ထူးခြားသောလလည်းဖြစ်သည်။ အကြောင်းမှာပြာသိုလပြည့်နေ့ကို အမေများနေ့ဟု သတ်မှတ်ပြီး မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် ကျင်းပကြသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒေသများထဲမှ မန္တလေးမြို့ ကြီးတွင်မူ အခြားဒေသများထက် တခမ်းတနား ကျင်းပကြသည်။


အမေများနေ့အဖြစ်သတ်မှတ်


မြန်မာနိုင်ငံ၏ အမေများနေ့ကို ဆရာကြီးဦးသုခက စတင်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမေများနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီးဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန် ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် စသည့်စာပေပညာရှင်များက ဆရာကြီး ဦးသုခနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဆရာကြီးဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင်ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသောမိခင်၏ ကြေကွဲခံစားချက်များ ရင်ထဲမှာကိန်းအောင်းခဲ့ရာမှ အစပျိုးခဲ့ကြောင်း၊ရင်ထဲမှခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြောကာ အမေ့မေတ္တာပြန့်ပွားရေးကို စတင်လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း၊ မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းလည်းဆို၊ပြောလည်းပြော၊ ငိုလည်းငို၍ နားထောင်သူပရိသတ်မှာလည်းမလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သားဖူးခဲ့ပါသည်။


အမေ့ကို ဂရုစိုက်ကြမယ်


ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန်စာပေပညာရှင်များက ကြိုးစားနေစဉ် ၁၉၉၅ ခုနှစ်တွင် မန္တလေးမှ အမေ မြတ်နိုးသူများက ဆရာကြီး ဦးသုခကို အမေနေ့သတ်မှတ်ပေးရန် ပူဆာတိ်ုက်တွန်းခဲ့ခြင်းကြောင့် မန္တလေးမြို့တွင် ဆရာကြီး ဦးသုခကိုယ်တိုင် ဟောပြောကာ ပြာသိုလပြည့်နေ့ကို အမေများနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။အမေနေ့ကို ပြာသိုလပြည့်နေ့အဖြစ် အတည်ပြုရန် ၁၉၉၆ ခုနှစ်တွင် ဆရာကြီးဦးသုခသည် ဆရာချစ်စံဝင်းကို အားပေးဆော်ဩခဲ့သည်။ ထိုသို့ဖြင့် စာပေလောက၊ အနုပညာလောက၊ ကျန်းမာရေးလောကမှ တတ်သိပညာရှင်များ စုပေါင်းကာရွှေတိဂုံဘုရားအရှေ့မုခ်တွင် အမေနေ့အဖြစ် ဆရာချစ်စံဝင်းက ထပ်မံကျင်းပ၍ ဟောပြောခဲ့သည်။ အမေနေ့တွင်အဝေးရောက် သားသမီးများသည် မိခင်ထံသို့ စာရေးခြင်း၊ ပို့စကတ်လက်ဆောင်ပေးခြင်း၊ ဖုန်းဆက်၍ အကြောင်းကြားခြင်း၊ မိခင်နှင့်အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံး မီးဖိုချောင်တွင် ချက်ပြုတ်နေသောအမေကို မီးခိုးငွေ့ကင်းစင်သော စေတီပုထိုးများသို့ လိုက်ပို့ပေးခြင်း စသည်ဖြင့် အမေနေ့တွင် အမေကိုချစ်ကြသူအားလုံးကဂရုတစိုက် ပြုလုပ်ပေးခဲ့ကြသည်။


ကမ္ဘာ့မိခင်များနေ့


အမေများနေ့ကို မြန်မာနိုင်ငံတွင် သာမက က္ဘာပေါ်ရှိ နိုင်ငံများမှလည်း က္ဘာ့မိခင်နိုင်ငံများအဖြစ် ကျင်းပကြသည်။ကမ္ဘာ့မိခင်နိုင်ငံများ ဖြစ်ပေါ်လာပုံမှာ စာရေးဆရာမ၊ ကထိက၊လူမှုရေးပြုပြင်သမားဖြစ်သူ မစ္စဂျူလီယာသည် ဘော်စတွန်မြို့ရှိသူမ၏နေအိမ်၌ မိခင်များနေ့ကို ၁၈၇၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ က္ဘာ့မိခင်များနေ့ကို မေလ၏ဒုတိယ တနင်္ဂနွေနေ့တိုင်း ကျင်းပလေ့ရှိသည်။


ဆရာဦးခင်မောင်ဝင်း(အသည်း)က မွေးနေ့ပွဲတွင် အမေဆိုသည့် စကားလုံးများ၏ အဓိပ္ပာယ်ကို ရှာဖွေကာမျှဝေခဲ့သည်ကို ပြန်လည်တင်ပြပေးလိုသည်။ M= is for the million things she gave me(အမေ ကျွန်ုပ်တို့ကိုပေးခဲ့တသန်းပေါင်းများစွာသော အရာတွေ)၊ O= mean only that she’s growing old(သားသမီးတွေအတွက် ပေးဆပ်ရင်းအိုမင်းသွားတဲ့အမေ)၊ T= is for the tears she shed to save me(သားသမီးတွေအတွက် အမေကျခဲ့သောမျက်ရည်)၊H =is for her heart of purest gold (အမေ့ရဲ့ရွှေစင်နှလုံးသား)၊ E=is for her eye, with love-light-shining (မေတ္တာကြင်နာခြင်းအပြည့်အဝနှင့် စောင့်ရှောက်ကြည့်ရှုခဲ့သောအမေ)၊ R = means right, and right she’ll always be (အမြဲတမ်းမှန်ကန်သောအမေ့ဆုံးမစကားများ)။ အထက်ပါ အမေဆိုသော စကားလုံး၏ အဓိပ္ပာယ်များသည် Mr. Howard Johnson ကရေး၍ အရှင်ဣန္ဒစာရ(မုံရွာ)ကဘာသာပြန်ထားခြင်းဖြစ်သည်။


ကျေးဇူးဆပ်မကုန်နိုင်


ဤက္ဘာပေါ်တွင် အမေ့ကျေးဇူးနှင့် ကင်းနိုင်သူမရှိပါချေ။မိခင်များ၏ ကျေးဇူးသည်လည်း ဆပ်၍မကုန်သော အနန္တပင်ဖြစ်သည်။ မိခင်များ၏ အလှဆုံးအချိန်မှာ သားသမီးများကိုနို့ချိုတိ်ုက်ကျွေးပြီး တစိမ့်စိမ့်ကြည့်နေသောအချိန် ဖြစ်သည်။မိခင်များသည် ရင်သွေးငယ်တစ်ဦးက ကလလရည်ကြည် ပဋိသန္ဓေ တည်ပြီဆိုကတည်းက မမြင်ရသေးသည့် သားသမီးအပေါ် မေတ္တာစိတ်များ စတင်ကာ တဖွားဖွားဖြစ်ပေါ်လျက်ရှိသည်။ရင်သွေးကို ထိခိုက်မည်စိုး၍ သူတို့ကြိုက်နှစ်သက်သော ပူ၊ ငန်၊စပ်၊ ခါး မှန်သမျှကို ရှောင်ကြဉ်သကဲ့သို့ အသွားအလာအနေအထိုင်အားလုံးကိုလည်း ဆင်ခြင်ခဲ့ကြသူများ ဖြစ်သည်။


စွန့်လွှတ်နိုင်ကြသူများ


ထို့အတူ အိမ်မှုကိစ္စအဝဝ၊ ခင်ပွန်း၏ဝေယျာဝစ္စ အဝဝတို့ကိုလည်း တာဝန်ယူလုပ်ဆောင်ကြသူများ ဖြစ်သည်။ လောကကြီးတွင် အနစ်နာခံရဆုံး၊ အပေးဆပ်ဆုံး၊ အလုပ်များဆုံးလူသားများမှာ မိခင်များပင်ဖြစ်သည်။ အမေများ၏ မေတ္တာလောက် မည်သူ၏မေတ္တာကမှ နူးညံ့မှုမရှိနိုင်ပါ။ အမေများသည် သူတို့၏အလှအပကို ပျက်စီးလျှင် ပျက်စီးပါစေ ရင်သွေးငယ်များကိုမိခင်နို့တိုက်ရမှသာ ကျေနပ်ကြသူများလည်း ဖြစ်သည်။ နို့ရည်ဆိုသည်မှာလည်း မိခင်များ၏ ကြီးမားသောမေတ္တာများကြောင့်အနီရောင်သွေးစစ်စစ်မှ အာဟာရပြည့်ဝသော အဖြူရောင်နို့ရည်ကြည်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သို့ပါသောကြောင့် အမေများသည် သားသမီးများအတွက် မိမိတို့၏ အလှတရားများကို စွန့်လွှတ်နိ်ုင်ကြသူများလည်း ဖြစ်သည်။


ကျွန်မတို့ လူသားများသည် မွေးမေများ၏မေတ္တာအနန္တကြောင့်ပင် လူလားမြောက်လာကြရသူများ ဖြစ်သည်။ သို့ပါသောကြောင့် မိခင်များ၏ ကျေးဇူးများကို တတ်နိုင်သလောက်ပြန်လည်ပေးဆပ်သင့်သည်။ မိဘများမရှိတော့မှ ကျွေးမွေးချင်၍ မရပါ။ သို့ပါသောကြောင့် မိဘများသက်ရှိထင်ရှားရှိစဉ်စုန်ရေမေတ္တာများကို အသိအမှတ်ပြုကာ ခြေဆုပ်လက်နယ်ပြုစုပေးရမည်။ ယနေ့ခေတ်တွင် မွေးမိခင်များ၊ မွေးဖခင်များ၏ကျေးဇူးကို သိတတ်နားလည်သူများ အင်မတန်ရှားပါးလျက်ရှိနေပြီ ဖြစ်သည်။


အသက်ပေးစောင့်ရှောက်သောမိခင်


မိမိတို့၏လက်ရှိ ရာထူး၊ အာဏာ၊ ဂုဏ်ပကာသနများသည်လည်း မွေးမေမေများ၏ မေတ္တာများမှတစ်ဆင့် ရရှိပိုင်ဆိုင်ခဲ့ခြင်းကို အထူးသတိပြုထားသင့်သည်။ အကြောင်းမှာ ယနေ့ခေတ်ရေစီးကြောင်းအရ “ငါ့ကိုသူမွေးထားတာပဲ၊ သူကျွေးရမှာပေါ့” ဆိုသော သားသမီးများ များပြားနေသောကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြော၍မကုန်သော အကြောင်းအရာမှာလည်း မိခင်အကြောင်းပင် ဖြစ်ပါလိမ့်မည်။ မေတ္တသုတ်တော်တွင် ပါရှိသော မာတာယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ဆိုပြီး မေတ္တာစစ်မေတ္တာမှန်နှင့် ပတ်သက်ပြီးဥပမာပေးကာ ပြောထားတာရှိသည်။ ဆိုလိုသည့် မေတ္တာစစ်၊မေတ္တာမှန် ကိုပေးနိုင်သူမှာ သားသမီးများကို အသက်ပေးကာစောင့်ရှောက်ပေးသော မိခင်သာဖြစ်သည်။


အမေ့အကြောင်း၊ မိခင်များ၏ အကြောင်းကိုပြောလျှင်ပြော၍ဆုံးမည် မထင်ပါ။ သို့ဖြစ်သောကြောင့် ဆရာချစ်စံဝင်းဟောပြောခဲ့သည့် အချက်မှတ်သားဖွယ် ငါးရပ်ကိုလည်း တင်ပြပေးလိုသည်။ ထိုငါးချက်မှာ သားသမီးများဆီမှ မိဘများမျှော်လင့်သည့် မျှော်လင့်ချက် ငါးချက် ဖြစ်သည်။ (၁) မိမိတို့ အိုမင်းမစွမ်းဖြစ်လာသည့်အခါ မိမိတို့၏ သားသမီးများကကူညီမည်ဟူ၍ တိတ်တခိုးမျှော်လင့်ချက်ထားခြင်း၊ (၂)သားသမီးများသည် မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကိုစောင့်ရှောက်လိမ့်မည်ဟူသော မျှော်လင့်ချက်ထားခြင်း၊ (၃)မိမိတို့ နာမကျန်းဖြစ်သည့်အခါ သားသမီးများက ပြုစုကြလိမ့်မည်ဟူသည့် မျှော်လင့်ခြင်း၊ (၄) မိမိတို့တရားသဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာများကို စောင့်ရှောက်ပြီး တိုးပွားအောင် ဆောင်ရွက်ခြင်းဖြင့် အမျိုးဘာသာ သာသနာကိုထောက်ပံ့မည်ဟု မျှော်လင့်ခြင်း၊ (၅) မိမိတို့မရှိသည့်နောက် သေလွန်ပြီးသည့်အခါ သားသမီးများသည် မိမိတို့ကိုရည်စူး၍ ရောက်ရာအရပ်မှ သာဓုအနုမောဒနာ ပြုနိ်ုင်စေရန် အမျှအတန်း ဝေလိမ့်မည်ဟု မျှော်လင့်ခြင်းတို့ ဖြစ်သည်။


သို့ပါသောကြောင့် ကျွန်မတို့သားသမီးများဘက်မှလည်းမွေးမိခင်၊ မွေးဖခင်များအပေါ် ကျေးဇူးဆပ်နိုင်အောင် တတ်နိုင်သမျှ ကြိုးစားရမည်။ အဘယ့်ကြောင့်ဆိုသော အမေများ၏မေတ္တာသည် ဘယ်လောက် တိုင်းတာတိုင်းတာ၊ ဘယ်လိုနှိုင်းဆ နှိုင်းဆ၊ ဘယ်လောက် ပေးဆပ်ပေးဆပ် မကျေနိုင်သောစုန်ရေမေတ္တာရှင်များဖြစ်သည်ဟု တင်ပြရင်း ကမ္ဘာပေါ်ရှိ အမေများအားလုံးကို ဦးညွတ်ဂါရဝပြုလိုက်ရပါသည်။ ။


မြန်မာ့အလင်း