ငပလီကမ်းခြေတွင် ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် ဟိုတယ်များ တိုးမြှင့်ဖွင့်လှစ်ရန် ပြင်ဆင်

ရန်ကုန် အောက်တိုဘာ ၃

 

ငပလီကမ်းခြေတွင် ယမန်နှစ်ပွင့်လင်းရာသီ၌ ခရီးသွားများအထူးစည်ကားခဲ့ပြီး ယခုလာမည့် ပွင့်လင်းရာသီ နိုဝင်ဘာလဆန်းပိုင်းတွင် ဆောင်းဦးပွဲတော်ကို ဖွင့်လှစ်သွားမည်ဖြစ်ရာ ခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် ယမန်နှစ်ထက် ဟိုတယ်များကို တိုးမြှင့်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလဆန်း(၁၄)ရက်တွင် ငပလီကမ်းခြေ၌ ပထမဆုံးကျင်းပခဲ့သော ဆောင်းဦးပွဲတော်တွင် မီနီမာရသွန်ပွဲ၊ စက်ဘီးပြိုင်ပွဲ၊ သဲသောင်ပြင်ပန်းပုပြပွဲ၊ သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု  ဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများ ပူးပေါင်းဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကြောင့် မွန်းကြပ်နေသော ပြည်သူများ အထူးစည်ကားစွာ လာရောက်အပန်းဖြေခဲ့၍ ဟိုတယ်များပြည့်ခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းများ ခရီးသွားလာမှု ပိုမိုပွင့်လန်းခဲ့သည်။

 

နိုဝင်ဘာလပွင့်လင်းရာသီ၌ ငပလီကမ်းခြေအပန်းဖြေစခန်းတွင် ခရီးသွားများကို ဝန်ဆောင်မှုပေးကြမည့် အဖွဲ့များကို ကမ်းခြေသန့်ရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍများ ပိုမိုသိရှိနိုင်ရန် ဟောပြောပွဲနှင့် သင်တန်းပေးခြင်းတို့ကို အောက်တိုဘာလပထမပတ်၌ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုကော်မတီက လုပ်ဆောင်လျက်ရှိပြီး ယမန်နှစ်ကထက် ခရီးသွားများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရန် ဟိုတယ် ၇၉ လုံးထက် ထပ်မံတိုးမြှင့်ဖွင့်လှစ်ရန် ဟိုတယ်လုပ်ငန်းရှင်များ ပြင်ဆင်ဆောင်ရွက်ထားသည့်နည်းတူ လေကြောင်းလိုင်းများက လေယာဉ်လက်မှတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

“ငပလီမှာ မနှစ်က မထင်မှတ်ဘဲခရီးသွားများခဲ့တယ်။ ဒီနှစ်ငပလီ ဆောင်းဦးပွဲတော်ကိုလည်း မနှစ်ကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အားလုံး ဝိုင်းဝန်းပြီးဆောင်ရွက်ထားတာကြောင့် လာရောက်အပန်း ဖြေဖို့ပြည်တွင်းနဲ့ ပြည်ပခရီးသွားများကို ဖိတ်ခေါ်ပါတယ်။  မာန်အောင်ကျွန်းဟာလည်း သဘာဝအလှနဲ့ ပြည့်စုံတဲ့နေရာ တစ်ခုဖြစ်တာကြောင့် အပန်းဖြေခရီးသွားတွေ နှစ်ခြိုက်စေမယ့် နေရာတစ်ခုအဖြစ် နွေးထွေးစွာကြိုဆိုနေပါတယ်” ဟု ရခိုင်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးတင်ထွဋ်အောင်က ပြောသည်။

 

ယမန်နှစ်က ငပလီကမ်းခြေအပန်းဖြေရာသီကို နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ခဲ့ရာ သီတင်းကျွတ်ပွဲ တော်မှသင်္ကြန်ကာလအထိ အပန်းဖြေခရီးသွားများ တစ်ဖွဲဖွဲဝင်ရောက်ခဲ့ပြီး ဒေသခံများအလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်လန်းခဲ့သည်။

 

ယခုနှစ်တွင် ပင်လယ်ကမ်းခြေတို့၌ အပန်းဖြေနိုင်ရန် ဂွမြို့၊ ကမ်းသာယာကမ်းခြေတွင် ဟိုတယ်များ တည်ဆောက်ထားရှိပြီး ငပလီ၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင်လည်း ဟိုတယ်များအသင့်ပြင် ဆင်ထားရှိသည်။ ယမန်နှစ်ကစတင်ဖွင့်လှစ်၍ သင်္ကြန်ကာလတွင် အထူးစည်ကားခဲ့သော မာန်အောင်ကျွန်းတွင်လည်း အခန်း ၃၃ ခန်းပါရှိသော အဆင့်မြင့်ဟိုတယ်တစ်လုံးနှင့် အခန်း ၂၄ ခန်းပါရှိသော အပန်းဖြေစခန်း တစ်ခုကို ဖွင့်လှစ်ထားရာ ပွင့်လင်းရာသီ မာန်အောင်ကျွန်းတွင် အပန်းဖြေနိုင်ရန် ရေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုကို အထူးပြင်ဆင်ထားကြောင်းနှင့် နိုင်ဝင်ဘာလ ငပလီဆောင်းဦးပွဲတော်တွင် ပြည်တွင်း/ပြည်ပခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရန် ဟိုတယ်များကို ယမန်နှစ်ထက် တိုးမြှင့်ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)