နေပြည်တော်   ဇွန်   ၈

အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူး၍ အိုလံပစ်သွေးစည်း ညီညွတ်ရေးအစီအစဉ်ဖြင့်အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ(MOC)၊ အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်(IJF)နှင့်  မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်(MJF)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဂျူဒိုနည်းပြ သင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဂျူဒိုအားကစားနည်းသည် အိုလံပစ်အားကစား နည်းတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသာမက စည်းကမ်း၊ လေးစားမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ သွန်သင်ပေးနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ခေတ်ပေါ်အားကစားသိပ္ပံနည်းကျ ကျွမ်းကျင်မှုများနှင့် ၂၁ ရာစု နည်းပြစွမ်းရည်များကို လေ့လာဆည်းပူးစေနိုင်ရန်   စီစဉ်ဆောင်ရွက် ပေးထားသည့်အတွက် သင်တန်းအတွေ့အကြုံများကို မိမိနေရပ်ဒေသများသို့ ပြန်လည်ရောက်ရှိပါက  အချင်းချင်း  ပြန်လည်မျှဝေပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

အဆိုပါ ဂျူဒိုနည်းပြသင်တန်းတွင် သင်တန်းနည်းပြ Mr. Amar Meridja  က  သင်တန်းသား သင်တန်းသူ ၃၀ ကို ဇွန် ၈ ရက်မှ ၁၂ ရက်အထိငါးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                  

သတင်းစဉ်