နေပြည်တော် ဒီဇင်ဘာ ၁၀
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးအရ နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အခြေခံအဆောက်အအုံ (လမ်း/တံတား)၊ ပညာရေးနှင့် ကျန်းမာရေး စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီဖြင့် “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIPs)” အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည့် လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာ ဘက်စုံသုံးခန်းမ ပေ ၆၀ x ၃၀ x ၁၂ ပေ RC ၁ ထပ် ဆောက်လုပ်ခြင်း၊ ပေ ၂၀ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက် ခြင်းနှင့် ၅ x ၅ x ၂၆ ပေ Box Culvert ၄ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။
အဆိုပါ ဘက်စုံသုံးခန်းမ၊ ပေ ၂၀ ကွန်ကရစ်တံတားနှင့် Box Culvert များ တည်ဆောက်ပေးနိုင်မှုကြောင့် လဟယ်မြို့နယ်၊ လဟယ် - တိုက်ရံ - ဆပ္ပလော်နောက်ကုန်း - ဆော်လော်နောက်ကုန်း - ပုံညိုနောက်ကုန်းလမ်းပေါ်ရှိ ဒေသခံကျေးရွာပေါင်း ၆ ရွာ၊ အိမ်ခြေ ၁၃၄၈ အိမ်၊ လူဦးရေ ၇၇၉၁ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်ရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်