မန္တလေးမြို့တွင် သန့်ရှင်းရေးအခွန်ကို အမှိုက်သိမ်းဆည်းခအဖြစ် ပြောင်းလဲကောက်ခံမည်

မန္တလေး ၂ ဇန်နဝါရီ 

မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် ကောက်ခံသည့် သန့်ရှင်းရေးအခွန်ကို အမှိုက်သိမ်းဆည်းခအဖြစ် ပြောင်းလဲကောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အမှိုက်သိမ်းဆည်းခအဖြစ် ပြောင်းလဲကောက်ခံခြင်းကို ယခုဘဏ္ဍာနှစ်အတွင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး စတင်ကောက်ခံမည့် ကာလအတိအကျကို မသိရှိရသေးကြောင်းနှင့် ကောက်ခံလျက်ရှိသည့် သန့်ရှင်းရေးအခွန်သည် တစ်လလျှင် ၇၀၀ ကျပ်ခန့် သာရှိကြောင်း သိရသည်။

" သန့်ရှင်းရေးအတွက် အခွန်ဆိုတာ လွဲနေတယ်။ ဒါကို ပြင်ဆင်ကောက်ခံတာပါ။ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီအနေနဲ့ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ အတွက် ဒီလို ကောက်ခံရခြင်းဖြစ်ပါတယ်" ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှူး ဦးစိုးတင့်အောင်ပြောသည်။

သန့်ရှင်းရေးအခွန်သည် လမ်းမကြီးများ သန့်ရှင်းရေးအတွက် မနက်အစောပိုင်းတွင် တံမြက်စည်းလှည်းခြင်း၊ ရေမြောင်းများ ဆယ်ယူခြင်းသာဖြစ်ပြီး နေအိမ်များမှ ထွက်ရှိလာသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းရန်အတွက် ကောက်ခံမှု လုံးဝမရှိဘဲ စီးပွားရေး အမှိုက်ခွန်ကိုသာ ကောက်ခံခဲ့ကြောင်းသိရသည်။

မန္တလေးမြို့၏ စွန့်ပစ်အမှိုက်ထွက်ရှိသည့်ပမာဏမှာ တစ်ရက်လျှင် ၉၈၃ တန် ကျော်ရှိသည့်အတွက် တစ်နှစ်လျှင် စွန့်ပစ်အမှိုက် ၃၄၈,၉၇၃ တန် ထွက်ရှိနေပြီး စွန့်ပစ်အမှိုက်များ သိမ်းဆည်းမှုအတွက် အမှိုက်သိမ်းကားစီးရေ  ၂၆၀၊ သုံးဘီးအမှိုက်သိမ်းယာဉ် ၁၈၁ စီး၊ ဝန်ထမ်းအင်အား ၂၀၀၀ ခန့်ဖြင့် အမှိုက်သိမ်းဆည်းမှုလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ သိရသည်။

သူရိန်လင်း