မန္တလေးမြို့သို့ မိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လာမှုကြောင့် ကြက်သွန်ဈေး ကျနိုင်

မန္တလေး ၁၂ ဒီဇင်ဘာ

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးမြို့သို့  မိုးကြက်သွန်နီ အသစ်များ စတင်ဝင်ရောက်လာမှုကြောင့် ကြက်သွန်ဈေး ကျဆင်းလာနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ပွဲရုံများထံမှ သိရသည်။

 

လက်ရှိဝင်ရောက်လာသည့် ကြက်သွန်နီများမှာ မြင်းခြံနှင့် ပခုက္ကူဒေသထွက် ကြက်သွန်နီများ ဖြစ်ပြီး မန္တလေးမြို့သို့ တစ်ပိဿာလျှင် ငွေကျပ် ၁၀ဝ၀ ခန့်ဖြင့် စတင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

"မန္တလေးမြို့ကို ကြက်သွန်နီ စဝင်လာတာ လေးရက်၊ ငါးရက် လောက်ရှိပါပြီ။ အရည်အသွေး ကောင်းပါတယ်။ ကြက်သွန်နီ အသစ်တွေ စဝင်တော့ ဈေးက တဖြည်းဖြည်းဆက်ပြီး ကျသွားဖို့ပဲရှိပါတယ်" ဟု မန္တလေးမြို့ ရွှေမန်းလှ ကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောသည်။

 

လက်ရှိ ကြက်သွန်နီအသစ် ဈေးနှုန်းများမှာ အရွယ်အစားခွဲပြီး ထိပ်စ တစ်ပိဿာလျှင် ငွေကျပ် ၁၀ဝဝ၊ အောက်စ တစ်ပိဿာလျှင် ငွေကျပ် ၈၀ဝဈေးရှိပြီး မန္တလေးမြို့သို့ တစ်ရက်လျှင် ပိဿာချိန် နှစ်သောင်းမှ သုံးသောင်းခန့်ထိ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ယခု မိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်ချိန်တွင် ဈေးကွက်အတွင်း ယခင်နွေကြက်သွန်နီ (ဥခြောက်) အဟောင်းများမှာ ဒီဇင်ဘာလကုန်ခန့်ထိ ဆက်လက် ကျန်ရှိနေနိုင်သည့်အတွက် ကြက်သွန်နီ ဈေးနှုန်းမှာ ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းကြသည်။

လက်ရှိဈေးကွက်အတွင်း သုံးစွဲနေသည့် နွေကြက်သွန်နီများမှာ လေးလ၊ ငါးလခန့် ဈေးမကောင်းခဲ့ကြောင်း၊ မန္တလေးဈေးကွက်သို့ အဓိကဝင်ရောက်သည့် မြစ်သားကြက်သွန်များမှာ စိုက်ရက်နောက်ကျပြီး မြင်းခြံ၊ နွားထိုးကြီးဒေသ ကြက်သွန်များမှာလည်း စိုက်အားကျဆင်းခဲ့သည့်အတွက် ဈေးကွက်အတွင်း ဝင်ရောက်ချိန် နောက်ကျကာ အရေအတွက် နည်းပါးခဲ့ကြောင်း အဆိုပါပွဲရုံများမှ သိရသည်။

 

သူရိန်လင်း