မန္တလေး မဟာမုနိဘုရားကြီးတွင် ခေတ်မီဆင်ဆာစနစ်ဂိတ်တံခါးများ စတင်အသုံးပြု

မန္တလေး ၂ ဇန်နဝါရီ

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ကိုယ်တိုင်လက်မှတ်ဖြတ်၍ ယာဉ်နှင့်ယာဉ်မောင်းအား Scan ဖတ်၍ မှတ်တမ်းတင်သည့် စနစ်တပ်ဆင်ထားသည့် ဂိတ်တံခါးများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ သုံးပြုနေပြီဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ဂိတ်တံခါးများကို ဘုရားကြီးရှိ အရှေ့ ၄၅ တာ ယာဉ်ရပ်နားစခန်း ဝင်ပေါက်များနှင့် မြောက်ဘက်ရှိ ပဋ္ဌာန်း မုခ်ဦးပေါက်တို့တွင် ထားရှိမည်ဖြစ်ပြီး ဘုရားကြီးသို့ ဝင်ရောက်လာသည့် ကားနှင့်ဆိုင်ကယ်များအား ဂိတ်များတွင် ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်၍ ကိုယ်တိုင်လက်မှတ်ဖြတ်ဝင်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

"ဝင်လာတဲ့ ကားတွေဆိုင်ကယ်တွေကို ဂိတ်မှာ ယာဉ်နံပါတ် Scan ဖတ်တာ၊ လက်မှတ်ဖြတ်တာ၊ မောင်းတံဖွင့်တာ အားလုံး စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်သွားနိုင်တဲ့ စနစ်တွေ တပ်ဆင်ထားတယ်။ ယာဉ်တွေလုံခြုံရေးအတွက် ကန်ထရိုက်စနစ် ပျက်သွားဖို့အတွက်နဲ့ ဖြတ်လမ်းအဖြစ်အသုံးပြုနေတာကို ထိန်းချုပ်ဖို့အတွက်ဆောင်ရွက်တာပါ'' ဟု အဆိုပါ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

ယာဉ်ရပ်နားစခန်း မှတ်တမ်းတင် ငွေကောက်ခံစနစ်ကို ၄၅ တာကွင်းအရှေ့ဘက်တွင် ကားဆိုင်ကယ် အဝင်/အထွက် ၂ ပေါက်၊ ဘောလုံးကွင်း အရှေ့ဘက်တွင် အဝင်တစ်ပေါက်၊ မြောက်ဘက်နာရီစင်ဘက်တွင် ၁ ပေါက် စုစုပေါင်း ၄ နေရာတွင် ခေတ်မီဂိတ်တံခါးများ တပ်ဆင်မည်ဖြစ်ပြီး စုစုပေါင်းတပ်ဆင်ခ ကျပ်သိန်း ၁ထောင် ဝန်းကျင်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိဘုရားကြီးတွင် အနောက်ဘက် ၄၅ တာ ကွင်းတွင် အဆင့်မြင့်ယာဉ်ရပ်နားစခန်းတစ်ကို ထပ်မံတည်ဆောက်လျက်ရှိပြီး မဟာမုနိဘုရားကြီး ဘုရားပုရိဝုဏ်အတွင်းသို့ အဝင်အထွက် လုံခြုံရေးစနစ်အား ထပ်မံ တိုးချဲ့နိုင်ရေး အတွက် အဝင်အထွက် ဂိတ်များ ထပ်မံဆောက်လုပ်သွားမည်ဖြစ်ကာ လုံခြုံရေးစနစ် ပိုမို အားကောင်းလာစေရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှလည်း လုံခြုံရေးဝန်ထမ်းများအား တောင်းခံထားကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

သူရိန်လင်း