မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားသည့် မိန့်ခွန်း

၂၀၂၂ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားသည့် မိန့်ခွန်း

 

အားလုံးမင်္ဂလာပါ

 

ဒီနေ့ကျင်းပတဲ့ ၂၀၂၂ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာပြီး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

 

ယနေ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့ဟာ မြန်မာနိုင်ငံဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်တဲ့ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီလို နေ့ထူးနေ့မြတ်ဖြစ်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်စား ကျွန်တော့်အနေနဲ့ရော မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

 

အမျိုးသမီးများနေ့နဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ် မတ်လ(၈)ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို “စဉ်ဆက်မပြတ် တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့” (Gender equality today for a sustainable tomorrow) ဆောင်ပုဒ်နဲ့ အညီ အခြားနိုင်ငံများနည်းတူ မြန်မာ နိုင်ငံမှာလည်း ကျင်းပခဲ့ပါတယ်။

 

ဒါကတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုတွေကို ဂရုပြုအာရုံစိုက်မိလာစေဖို့နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အလေးထားအကောင်အထည်ဖော်နိုင်ကြစေဖို့ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားတွေကို ကမ္ဘာနဲ့ အဝှမ်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

 

အားလုံးသိကြတဲ့အတိုင်း မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာတာက ၁၉၉၅ ခုနှစ်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံကနေ စတင်ခဲ့တယ် လို့ ပြောရမှာဖြစ်ပါတယ်။

 

အဲဒီညီလာခံက ချမှတ်ခဲ့တဲ့ ဘေဂျင်းကြေညာစာတမ်းအရ နိုင်ငံတော် အစိုးရက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအားလုံး အမျိုးသားများနဲ့တန်းတူ ကဏ္ဍစုံ လုပ်ငန်းနယ်ပယ် အသီးသီးမှာ တန်းတူညီမျှ ပါဝင်ခွင့်ရရှိစေဖို့နဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည် မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုများကနေ တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ နိုင်ငံအဆင့် ဦးစီးဦးဆောင်လှုပ်ရှား ဖော်ဆောင်နိုင်မယ့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ကို ၁၉၉၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလို မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ကော်မတီ ဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ(၃)ရက်နေ့ကို နိုင်ငံတော်က မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်ပါတယ်။

 

မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်ကြည့်ရင် ကိုလိုနီခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုကာလများမှာ အမျိုးသားများနှင့် ရင်ပေါင်တန်းတိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းများစွာ ရှိခဲ့ကြသလို ခေတ်အဆက်ဆက်မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များနဲ့ အသိပညာ၊ အတတ်ပညာ၊ အနုပညာ ဆိုင်ရာ နယ်ပယ်များမှာ ထူးချွန်ထက်မြက် တဲ့ မြန်မာအမျိုးသမီးများ ပေါ်ထွက်ခဲ့ပါတယ်။

 

နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားလာနေတာကို တွေ့မြင်နေရပြီး မျက်မှောက် ကာလမှာလည်း မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးမှာ ပါဝင်လျက်ရှိကြပါတယ်။ ခေတ်အဆက်ဆက်မှာ ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးများဟာ နိုင်ငံနဲ့လူမျိုးအတွက် ကြိုးပမ်းကြတဲ့ နေရာမှာ လွတ်လပ်ရေး၊ နိုင်ငံတော် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်စု တစ်ခုရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်သလို နိုင်ငံတော်ရဲ့ အင်အားစုတစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးများ ဖြစ်တဲ့အတွက် အဲဒီလိုပိုမိုမြင့်တက်တဲ့ အမျိုးသမီးထုရဲ့အင်အားကို နိုင်ငံတော်ကို အကျိုးပြုနိုင်မယ့် လူ့စွမ်းအားအရင်း အမြစ်များအဖြစ် မြှင့်တင်ပေးခြင်း အားဖြင့် နိုင်ငံတော်အတွက် အားကိုး အားထားပြုနိုင်ပြီး ကြီးမားတဲ့အင်အားကို ရရှိမှာဖြစ်ပါတယ်။

 

ဒါကြောင့် မြန်မာအမျိုးသမီးများရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေဖို့ မြန်မာအမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုတဲ့အနေနဲ့ အခုလို မြန်မာအမျိုးသမီးများနေ့” ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနား နှစ်စဉ်ကျင်းပပေးနေတာပဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဟာ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(Convention on the Elimination of All forms of Discrimination Against Women-CEDAW) နဲ့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) စတဲ့ နိုင်ငံတကာလုပ်ငန်း အစီအစဉ်များကို နိုင်ငံတော်၏မူဝါဒနှင့် အညီ အကောင်အထည်ဖော်ပေးလျက်ရှိပါတယ်။          

 

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အဖြစ် အာဆီယံအမျိုးသမီး ကော်မတီ (ASEAN Committee on Women–ACW)နဲ့ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးကော်မရှင် (ASEAN Commission on the Promotion and Protection of the Rights of Women and Children-ACWC) အာဆီယံ ငြိမ်းချမ်းရေး မှတ်ပုံတင်အမျိုးသမီး ကိုယ်စားလှယ် (ASEAN Women for Peace Registry - AWPR) စတာတွေမှာ လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် လျက်ရှိပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လုံးဝလက်မခံတဲ့ မူဝါဒကို လက်ကိုင်ထား ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်တစ်ခု အနေနဲ့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ် ရေးဆိုင်ရာပူးတွဲကြေညာချက် (Joint Communique on Prevention and Response to Conflict Related Sexual Violence)ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပါဝင်လက်မှတ်ရေးထိုး ထားပါတယ်။

 

ပူးတွဲကြေညာချက်အရ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ကို ရေးဆွဲထားရှိပြီး ၁၀-၁၁-၂၀၂၁ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖြစ်ပေါ်တိုးတက် မှုဆိုင်ရာ အချက်အလက်များကို ပဋိ ပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှု ဆိုင်ရာ တားဆီးကာကွယ်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုတွေကို လူမှုရေးရာဖြစ်ရပ်စီမံ ခန့်ခွဲမှု စံလုပ်ငန်းလမ်းညွှန်(SOP)နဲ့ အညီ ဆက်စပ်ဝန်ကြီးဌာနများနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေသလို ဥပဒေကြောင်းအရ အကာအကွယ်ပေး နိုင်ဖို့၊ အကြမ်းဖက်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲထားရှိပြီး ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အမျိုးသမီးများအရေးကို ပိုမိုကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီက ချမှတ်ထားတဲ့ မူဝါဒ (၄) ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ်နဲ့အညီ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းထားရှိပြီး အမျိုးသမီးများ အား နည်းမျိုးစုံနဲ့ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW ပါ ကတိကဝတ်များနဲ့ အကြံပြုသုံးသပ် ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေး နယ်ပယ်(၁၂)ရပ်နဲ့အညီ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) တို့ကို အကောင်အထည်ဖော်ရာမှာ ကော်မတီအနေနဲ့ အဓိကအခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။ အဲဒီ မဟာဗျူဟာစီမံကိန်း အနေနဲ့ အခု ၂၀၂၂ ခုနှစ်မှာ စီမံကိန်း ကာလ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် စီမံကိန်းအလွန်မှာ စီမံကိန်းရဲ့အားသာချက်၊ အားနည်းချက်များအပေါ် လေ့လာသုံးသပ်ထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (Phase II) ကို ဆက်လက် ရေးဆွဲနိုင်ရေး ဆက်စပ် ဝန်ကြီးဌာနများနဲ့ အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း မှာကြားလိုပါတယ်။

 

ဒါ့အပြင် ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနဲ့ ဆက်စပ်နေတဲ့လုပ်ငန်း စဉ်များ၊ မြန်မာနိုင်ငံအတွက် ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက် ရေးကို ဖော်ဆောင်နိုင်ရန် ရေးဆွဲထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP)၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP) တို့ကို ရေးဆွဲအကောင်အထည် ဖော်မှုတွေဟာ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အပံ့ပြုနေပြီး ကျား၊ မ တန်းတူညီမျှမှု ရရှိရေးနဲ့ အမျိုးသမီးများနဲ့ ငယ်ရွယ်သူအမျိုးသမီး များအားလုံး စွမ်းပကားတိုးမြှင့်စေရေးဆိုတဲ့ ရှုထောင့်တွေကို ချန်လှပ်ထားမှု မရှိဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားလိုပါတယ်။

 

ပိုမိုများပြားလာ

 

ိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်မှုဟာ ပိုမိုများပြားလာတာတွေ့ရပါတယ်။ မြန်မာ့တပ်မတော်မှာ ကြည်း၊ ရေ၊ လေ အမျိုးသမီး ဗိုလ်လောင်းများ မွေးထုတ်ထားပြီး အမျိုးသားများနဲ့ တန်းတးရင်ပေါင်တန်း တာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ တပ်မတော် ဆေးတက္ကသိုလ်အတွက် အမျိုးသမီး ဗိုလ်လောင်းများကိုလည်းခေါ်ယူ လေ့ကျင့်သင်ကြားပေးရန် စီစဉ်လျက်ရှိပါတယ်။ အလားတူ နိုင်ငံတော်လုံခြုံရေးအတွက်လည်း ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များကလည်း အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်း ဆောင်ရွက်လျက်ရှိပါတယ်။

 

ဒါကြောင့် မြန်မာအမျိုးသမီးများနေ့ရောက်တိုင်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ထူးချွန်အမျိုးသမီးများကို နှစ်စဉ်ဆုချီးမြှင့်ပေးတဲ့ အစီအစဉ်များ ဆောင်ရွက်ပေးလျက် ရှိတာ တွေ့ရပါတယ်။

 

နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍများဖြစ်တဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးနှင့် သဘာဝ ဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားစေရေးတို့အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားနိုင်ဖို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း အသိပေးမှာကြားလိုပါတယ်။

 

အတည်ပြုထုတ်ပြန်ခဲ့

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အမျိုးသားအဆင့် လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် ကို အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ မဟာဗျူဟာစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ ဘဝသက်တမ်း အဆင့်ဆင့်ချဉ်းကပ်ပုံ (Life Cycle Approach) မှာ ကိုယ်ဝန်ဆောင်ခြင်း၊ မီးမဖွားမီ စောင့်ရှောက်ခြင်း၊ ကလေးမီးဖွားခြင်းနဲ့ မီးဖွားပြီးစောင့်ရှောက်ခြင်း တို့ကို အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။

 

ဒီအစီအစဉ်အရ ကိုယ်ဝန်ဆောင် မိခင်များနဲ့ ၎င်းတို့က မွေးဖွားလာတဲ့ ကလေးတွေ အသက် (၂) နှစ်အထိ အာဟာရပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေရန် ငွေကြေးထောက်ပံ့မှုတွေကို နိုင်ငံရဲ့ ဒေသတချို့မှာ ပံ့ပိုးပေးလျက်ရှိပါတယ်။ အဲဒီအစီအစဉ်ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အပိုဆောင်းအာဟာရ အဖြစ် ထောက်ပံ့တာဖြစ်သလိုအနာဂတ် မျိုးဆက်သစ်ကလေးတွေအတွက်လည်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးဖို့ ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်ပါတယ်။ ဒိအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများအား လိုအပ်ချက်ပေါ် မူတည်ပြီး ထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ ပါတယ်။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအနှစ်ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ သမားရိုးကျ အိမ်ထောင်စုလူဦးရေ ၅၁ ဒသမ ၁ သန်း မှာ အမျိုးသား ၄၆ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်တာ တွေ့ရှိရပါတယ်။

 

အစီရင်ခံစာပါ အချက်အလက်တွေအရ အမျိုးသမီးများရဲ့ ပညာရေးဆိုင်ရာ ဆန်းစစ်ကြည့်မယ်ဆိုရင် ကျောင်း တက်ရောက်မှုနှင့်ပတ်သက်လို့ မြို့ပြနှင့် ကျေးလက်ကြား ကွာဟမှုများပြား နေတာကိုလည်း တွေ့ရပါတယ်။

 

မြို့ပြမှာ အသက် ၅ နှစ်အထက် လူဦးရေ ၁၀၀ မှာ ၅ ဦးသာ ကျောင်း မတက်သော်လည်း ကျေးလက်တွင် ၉ ဦး ကျောင်းမတက်သည်ကို တွေ့ရပါတယ်။ ကျား၊ မ အချိုးနဲ့ကြည့်ရင် မိန်းကလေးငယ်များအတွက် လူဦးရေ ၁၀၀ မှာ မြို့ပြဒေသမှာ ၆ ဦးခန့်ရှိပြီး ကျေးလက်ဒေသမှာ ၁၁ ဦးထိရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ် မြောက်မှုနှုန်းမှာ ၈၆ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး အမျိုးသားစာတတ်မြောက်မှုနှုန်း မှာ ၉၂ ဒသမ ၄ ရာခိုင်နှုန်းထိ ရှိကြောင်း တွေ့ရှိရပါတယ်။

 

အဲဒီအတွက်ကြောင့် အမျိုးသမီး များကို ခေတ်မီပညာရေး သင်ကြားရာမှာ အားပေးဖို့လိုသလို တစ်ဖက်ကလည်း အိမ်တွင်းမှုလုပ်ငန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးတက် အောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။

 

ပြုစုပျိုးထောင်

 

ဒါနဲ့တစ်ဆက်တည်းမှာပဲ မိခင်များ ဖြစ်ကြတဲ့ အမျိုးသမီးများအနေနဲ့ မိမိတို့ရဲ့ သားသမီးများ၊ လူငယ်လူရွယ်များကို လိမ္မာရေးခြားရှိစေဖို့နဲ့ လူတော်လူကောင်း၊ အဖိုးတန်လူငယ်များ ဖြစ်အောင် ပြုစုပျိုးထောင်ပေးကြဖို့ လိုအပ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ နိုင်ငံရဲ့ အနာဂတ်မှာ အားကိုးနိုင်မယ့် ဗလငါးတန် ပြည့်ဝတဲ့ လူငယ်များဖြစ်လာအောင် လေ့ကျင့်ပြုစုပေးရေးဟာ မိဘများနဲ့ ကျောင်းဆရာ/ဆရာမများရဲ့ တာဝန် ဝတ္တရားတစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်နိုင်ကြဖို့ကိုလည်း အခါအခွင့်သင့်တုန်း မှာကြားလိုပါတယ်။

 

ားသမီးဝတ္တရားကျေတဲ့ သားသမီးများဖြစ်လာရေး၊ တပည့်ဝတ်ကျေပွန်တဲ့ ကျောင်းသား ကျောင်းသူများ ဖြစ်လာရေးကို မိဘများက မိဘဝတ္တရားများနဲ့ အညီ၊ ဆရာ ဆရာမများက ဆရာ့ဝတ္တရားများနဲ့အညီ သွန်သင်ဆုံးမပြုပြင်ပေးကြဖို့ အလေးအနက်ထား တိုက်တွန်းမှာကြား လိုပါတယ်။

 

ကိုဗစ်-၁၉ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ဖို့အတွက် ကျေးလက်နေအမျိုးသမီးများရဲ့ ဝင်ငွေရ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ အရှိန်မပြတ် ပုံမှန်ရရှိစေရေး၊ ကိုဗစ်ကြောင့် ရပ်ဆိုင်းသွားရတဲ့ အငယ်စား စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ဖို့နဲ့ ဝင်ငွေမရှိသေးတဲ့ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဆောင်ရွက် ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်တဲ့ ရှေ့ပြေး လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး အကောင်အထည်ဖော်ရေး ဆောင်ရွက်ကြဖို့ကိုလည်း အလေးထားဆောင်ရွက် သွားကြဖို့ မှာကြားလိုပါတယ်။

 

ထိထိရောက်ရောက်အသုံးချ

 

အခုအခါ စီးပွားရေး ပြန်လည် ထူထောင်နိုင်ဖို့ ကြိုးပမ်းနေကြရာမှာ ထိခိုက်ခံရဆုံးဖြစ်တဲ့ အမျိုးသမီးများ အတွက် အမျိုးသမီးများရဲ့ အထူးလိုအပ် ချက်များနဲ့ အခန်းကဏ္ဍများကို ထည့်သွင်းစဉ်းစားပြီး သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများက စီမံကိန်းများ၊ စီမံချက်များ၊ လုပ်ငန်းအစီအစဉ်များမှာ ထည့်သွင်းရေးဆွဲဖို့နဲ့ အကောင်အထည်ဖော်ရာတွင်လည်း အမျိုးသမီးများရဲ့ စွမ်းရည်ကို ထိထိရောက်ရောက် အသုံးချပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ “စဉ်ဆက်မပြတ် တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့” ဆိုတဲ့ ဆောင်ပုဒ်ကလည်း (၂၁)ရာစု စိန်ခေါ်မှုတွေဖြစ်တဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေ၊ ဘေးအန္တရာယ် ဖြစ်ပွားမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကျား၊ မ တန်းတူညီမျှမှုကို ပိုမိုထည့်သွင်း စဉ်းစားဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြထားတာကို သတိထားကြရမှာ ဖြစ်ပါတယ်။

 

စဉ်ဆက်မပြတ် တိုးတက်ပြီး ကျား၊ မ တန်းတူညီမျှတဲ့ အနာဂတ်ကို ဖော်ဆောင်ရာမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ကျား၊ မ ရေးရာ တန်းတူညီမျှမှုနဲ့ ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီး များ စွမ်းဆောင်ရည်မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ်စောင့်ရှောက်ရေး စနစ်များ၊ လူမှုရေးရာ ဝန်ဆောင်မှုများနဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတွေကို ဖော်ထုတ်ကာ ကြိုးပမ်းဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားလို ပါတယ်။       

 

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

 

လက်ရှိကာလမှာ နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မြန်မာအမျိုး သမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အဓိကဦးစားပေး လုပ်ငန်း နယ်ပယ်များဖြစ်တဲ့ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရေးရာတွင် ပါဝင်မှု၊ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အမျိုးသမီးများနဲ့ အမျိုး သမီးငယ်ရွယ်များအပေါ်မှာ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး စတဲ့လုပ်ငန်းနယ်ပယ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ကျား၊ မ တန်းတူ ညီမျှမှုရှိဖို့နဲ့ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးတွေကို ပိုမိုမြှင့်တင် ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက် လျက်ရှိသလို အမျိုးသမီးထုကြီးနဲ့ အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားရင်းနဲ့ ယနေ့မြန်မာအမျိုးသမီး များနေ့မှာ မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံးသာမက မြန်မာနိုင်ငံသားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ရောဂါဘယ ဘေးအပေါင်းကလည်း ကင်းဝေးကြပါ စေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။