မြန်မာ-တရုတ်  နှစ်နိုင်ငံနယ်စပ်တွင် ယာဉ်မောင်း  အချိန်းအပြောင်းစနစ်ကြောင့် ကုန်တင် ကားဆရာများ အခက်အခဲကြုံတွေ့

မူဆယ်   ၂   အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင်ကာလ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်စီးဆင်းမှုသည် သွင်းကုန်/ ပို့ကုန်ယာဉ် စုစုပေါင်း(၁)ထောင်နီးပါးခန့်ဖြင့် ကုန်သွယ်စီးဆင်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ဧပြီလ ပထမပတ်မှ စတင်၍ ရောဂါကင်းစင်သည့် တရုတ်နိုင်ငံဘက်က ယာဉ်မောင်း စုစုပေါင်း (၃၀)ခန့်ဖြင့် ယာဉ်မောင်း လဲလှယ်ခြင်းစနစ်ကြောင့် ကုန်တင်ယာဉ်အဝင်/အထွက် ကြန့်ကြာခြင်း၊ တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ကားကြီးကွင်း၌ ယခင်ကုန်တင်ကုန်ချ အလုပ်သမား စုစုပေါင်း(၅၀၀)ခန့်ဖြင့် ကုန်တင်ကုန်ချပြုလုပ်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာလ၌ တရုတ်နိုင်ငံ ဘက်က ပိုမိုတင်းကျပ်လာခြင်းကြောင့် လက်ရှိတွင် ကုန်တင်ကုန်ချအလုပ်သမား စုစုပေါင်း (၁၀၀)နီးပါး ခန့်နှင့်သာ ကုန်တင်ကုန်ချပြုလုပ်ခြင်းတို့ကြောင့် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုကျဆင်း လာခြင်းဖြစ် ကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိသည်။

 

ယခင်အတိုင်း နှစ်နိုင်ငံသွယ်စီးဆင်းမှု ပုံမှန်ဖြစ်လာနိုင်ရန်အတွက် တရုတ်နှစ်နိုင်ငံဘက်မှ ပိုမို တင်းကျပ် လာသည့် ယာဉ်မောင်းလဲလှယ်စနစ်နှင့် ကုန်တင်ကုန်ချအလုပ်သမားများကို ဖြေလျော့ပေးရန်လိုအပ်ပြီး အဆိုပါတင်းကြပ်မှု များကြောင့် မြန်မာယာဉ်မောင်းအလုပ်များလည်း အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ နေရသည်။

 

“အရင်အတိုင်းပဲ ကျယ်ဂေါင်ဘက်ကို ကိုယ်တိုင်မောင်းနှင်ဝင်ရောက်ပြီးမှ ကိုယ်တင်ချင်တဲ့ ကုန်ပစ္စည်း တွေ တင်ချင်တယ်။  အခုဟာက ယာဉ်မောင်းလဲလှယ်စနစ်ကြောင့် ကျယ်ဂေါင်ဘက်ကနေ ကိုယ့်ယာဉ် ပေါ်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းအမျိုးအစားလည်း မသိရဘူး။ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှာ ကျူတီဆောင်တဲ့အခါမှ ကိုယ့်ကားပေါ်မှာ ပါလာတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို သိရတယ်။ တချို့ကားတွေဆို ကျယ်ဂေါင်ဘက်ကနေ ပြန်ထွက်လာတဲ့အခါမှာ ကားဘက်မှန်ကွဲတာတွေရှိတယ်။ ကိုယ့်ကားတစ်ခုခုဖြစ်သွားရင်းလည်း တာဝန်ခံမှု၊ တာဝန်ယူမှုတွေလည်းမရှိဘူး။ ကျွန်တော်တို့ဘက်က နစ်နာမှုတွေ အရမ်းများတယ်” ဟု  ကုန်တင်ယာဉ်မောင်း  ကိုပန်းမောင်က ပြောသည်။

 

တရုတ်နိုင်ငံဘက်သို့  ဝင်ရောက်မည့် ကုန်တင်ယာဉ်များကို နှစ်နိုင်ငံအဝင်/အထွက် ဂိတ်ဖြစ်သည့် မန့်ဝန်းဂိတ်၌ တရုတ်နိုင်ငံယာဉ်မောင်းများက လဲလှယ်မောင်းနှင်သွားပြီးနောက် ကျယ်ဂေါင်ဘက်မှ မိမိ ကုန်တင်ယာဉ်အား ပြန်လည်ထွက်ခွာလာမည့် အချိန်နှင့် ရက်အတိအကျမသိရသည့်အတွက် မြန်မာ ကုန်တင်ယာဉ် မောင်းများက မန့်ဝင်းဂိတ်အနီးတွင် နေ့စဉ်စောင့်ဆိုင်းနေရသည်။

 

“ကျွန်တော်တို့ကုန်တင်ယာည်ပေါ်မှာ တင်ဆောင်မယ့် ကုန်ပစ္စည်းတွေဟာ တရုတ်နိုင်ငံ၊ ကျယ်ဂေါက် ဘက်မှာ အဆင်သင့်ရှိရင် နောက်နေ့မှာ ချက်ချင်းဆိုသလို ပြန်ထွက်လာပြီ။ တချို့ကုန်တင်ယာဉ်တွေက ကျယ်ဂေါင်ဘက်မှာ ကုန်တင်မယ့် ကုန်ပစ္စည်းမရှိရင် တစ်ပတ်နီးပါးခန့်လည်း စောင့်ဆိုင်းနေရတယ်” ဟု ကုန်တင်ယာဉ်မောင်း ဦးဝင်းအောင်က ပြောကြားသည်။

 

တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ဘက်မှ ပြန်လည်ထွက်ခွာလာမည့် ကုန်တင်ယာဉ်များ၏ အနှေး/အမြန်သည် ကျယ်ဂေါင်ဘက်ရှိ ကုန်ပစ္စည်းအပေါ်မူတည်နေပြီး မြန်မာဘက်ခြမ်း၊ မူဆယ်မြို့၌ စောင့်ဆိုင်းနေကြရ သည့် မြန်မာကုန်တင်ယာဉ်မောင်းများသည် စားဝတ်နေရေးအခက်အခဲများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီနေထိုင်သွားလာရန် အခက်အခဲမျိုးစုံ ရင်ဆိုင် ကြုံတွေ့နေရသည်။

 

ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် လတ်တလောကာလအတွင်း ကုန်တင်ယာဉ် များ သွားလာမှုနှင့်ပတ်သက်၍  အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ဝင်/ထွက်ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဖြတ်သန်းသွားလာခွင့်မပြုခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လဲလှယ်မောင်းနှင်စေခြင်းများကြောင့် ယာဉ်များကြာမြင့်စွာ ရပ်တန့်ထားရပြီး ကုန်စည်စီးဆင်းမှု ဖြတ်တောက်သွားနိုင်သည့် အခြေအနေဖြစ်ပေါ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ ကုန်တင်ယာဉ်များအား အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ အခြား တိုင်းဒေသကြီး/ပြည်နယ်များသို့ ထွက်ခွာခွင့် ခေတ္တရပ်နားထားရန်နှင့် ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်တင်ယာဉ်များဖြတ်သန်းသွားလာပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၂)ပတ်အတွင်း ထုတ်ပေး ထားသည့် ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိမှသာလျှင် ဝင်ရောက်ဖြတ်သန်းခွင့်ပြု သွားမည်ဟု ရှမ်းပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။

သန့်ဇင်(မူဆယ်)