မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့် ယာဉ်ကြောပိတ်ဆို့မှု လမ်းကြောင်း (၃)ကြောင်းခွဲ၍ ဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

 

မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှု လျှော့ချရေးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အမှတ်(၃)လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှု လျှော့ချနိုင်ရေးအတွက် လမ်းကြောင်း (၃)ကြောင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဝေးပြေး ကုန်တင်ယာဉ်ကြီးများအနေဖြင့် အင်းစိန်-လှော်ကား အမှတ်(၄)လမ်းမှ ရန်ကုန်-ပဲခူးလမ်းဟောင်းကို အသွား/အပြန် အသုံးပြုသွားလာနိုင်မည်ဖြစ်ပြီး မန္တလေး-မြစ်ကြီးနားနှင့် အထက်မြန်မာပြည် ခရီးသည်တင် အဝေးပြေးယာဉ်များသည် အမှတ်(၃)လမ်းမှ ခရေပင်လမ်း -  ပြည်လမ်း - ထောက်ကြန့်မှ အမြန်လမ်းအသုံးပြုပြီး သွားလာနိုင်ကြောင်းနှင့် ပုံမှန်သွားလာနေသော အဝေးပြေးကုန်တင်ယာဉ်များနှင့် မော်လမြိုင် - ရေး - မြိတ် - ထားဝယ် - ကော့သောင်း ခရီးသည်တင်ယာဉ်များသည် အမှတ် (၃)လမ်းမှ ရန်ကုန်-ပဲခူး လမ်းဟောင်းအတိုင်း အသွား/အပြန် ဝင်ထွက်သွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့် မြန်မာ့မီးရထား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား၊  ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး လေ့လာခဲ့သည့် အခြေအနေများနှင့် အမှတ်(၃)လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့်တွင် ယာဉ်ကြောများ ပိတ်ဆို့ကြပ်တည်းနေမှုအား လျှော့ချနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ လမ်းကြောင်းပြောင်းလဲ ပြေးဆွဲမည့်အခြေအနေများအား ကြိုတင်အသိပညာပေး ဆွေးနွေးခြင်းများ၊ သတင်းထုတ်ပြန်ခြင်းများကို ကနဦး ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလကျော်လွန်ပါက စည်းကမ်းဖောက်ဖျက်သည့် ယာဉ်နှင့် ယာဉ်မောင်းများအား စိစစ်အရေးယူ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး ဆောင်ရွက်မည့် အစီအစဉ်များကို နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)