မြစ်ကျောက်စရစ်ထုတ်လုပ်မှုလုပ်ငန်းခွင်များ၌ ကန့်သတ်ချက်များ ပြုလုပ်မည်

ကျောက်စရစ်ထုတ်လုပ်သည့် လုပ်ငန်းခွင်များတွင် ခွင့်ပြုချက်ထက်ပို၍ ထုတ်လုပ်သူများရှိနေခြင်းကြောင့် ကန့်သတ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးတည်သည့် ကန့်သတ်ချက် သုံးချက်ကို သတ်မှတ်လိုက်ပြီး ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများစီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

 

“လုပ်ငန်းခွင်မှာ ကျောက်စုပ်တဲ့ပိုက်တွေကို ခြောက်လက်မထက်မကြီးသော ပိုက်များကိုပဲ ခွင့်ပြုပါတော့မယ်။ ကျောက်စုပ်တဲ့နေရာမှာ ကစ်နှစ်ခုထက်ပိုတဲ့ ရေယာဉ်တွေကိုလည်း ကန့်သတ်ပါမယ်။  မြင်းကောင်ရေ ၂၀ အောက် ရေယာဉ်တွေနဲ့ ကျောက်စရစ်ကို သယ်ခွင့်မပြုတော့ပါဘူး ” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်လွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

 

နိုဝင်ဘာလ ၂၇ရက်က ပြုလုပ်သည့် ကော်မတီအစည်းအဝေး၌ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး၏ အကြံပြုချက်များကို ကော်မတီက လက်ခံဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ ညွှန်ကြားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

 

“ကျောက်စရစ်တစ်ကျင်းကို ငါးတန်ရှိတယ်။ ကျောက်စရစ်သုံးကျင်းပါတဲ့ ၁၅ တန် အလေးချိန်ကို မြင်းကောင်ရေ ၂၀ အောက် ရေယာဉ်နဲ့သယ်ရင် အန္တရယ်ရှိပါတယ်” ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးသန်းနိုင်က အကြံပြုခဲ့ခြင်းဖြစ်သည်။

 

ကျောက်စရစ်လုပ်ကွက်များကို ဒေသခံများကိုသာ ဦးစားပေးသင့်ကြောင်း၊ လုပ်ကွက် ငါးဧကတစ်ကွက်လျှင် သင်္ဘော သုံးစီးသတ်မှတ်ထားသော်လည်း အမှန်တကယ် ထုတ်လုပ်နေသည်မှာ ခွင့်ပြုပမာဏထက် ပိုများနေကြောင်း၊ ကျင်းအရေအတွက် ပိုတိုး၍ လျှောက်ထားစေပြီး ပိုက်အရွယ်အစားကိုလည်း ခြောက်လက်မထက်မပိုသော ပိုက်ကိုသာခွင့်ပြုရန်နှင့် ကစ် နှစ်ခုထက်ပိုသော ရေယာဉ်များကို ခွင့်မပြုသင့်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

 

ဇေယျတု(မကွေး)