လာမည့်သြဂုတ်လတွင် တိုးချဲ့မှုပြီးစီးမည့် သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ)တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ မြေငှားရမ်းမှု ၅ဝ ရာခိုင်နှုန်းရှိ

mdn

ရန်ကုန် ၁၈ ဖေဖော်ဝါရီ

 

သြဂုတ်လတွင် တိုးချဲ့မှုပြီးစီးရန် ဆောင်ရွက်လျက်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ပထမအဆင့် ဟတ်တာ ၁ဝ၁ (ဧက ၂၅ဝ) တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ မြေငှားရမ်းမှု ၅ဝ ရာခိုင်နှုန်းအထိရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

 

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ-၂ ဒေါ်ချိုချိုဝင်းက ''ဇုန်ဘီ (အပိုင်း-ခ)ရဲ့ ပထမပိုင်း ဟတ်တာ ၁ဝဝ ကို အခုလာမယ့် သြဂုတ်လမှာ ပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်၊ နောက်ထပ်ဇုန်ဘီရဲ့ ဒုတိယပိုင်းအနေနဲ့ ဆက်လုပ်မယ့် ၆၆ ဟတ်တာကိုတော့ ၂ဝ၁၉ သြဂုတ်လမှာ ပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်၊ အခု ဇုန်ဘီ ပထမပိုင်း ဟတ်တာ ၁ဝဝ က ဖွံ့ဖြိုးမှုတွေ လုပ်နေပြီ၊ ဇုန်ဘီမှာ ရင်းနှီးမြှုပ်နှံလိုသူတွေကိုလည်း ရင်းနှီးမြှုပ်နှံခွင့်ပါမစ် ထုတ်ပေးနေသလို မြေနဲ့ပတ်သက်၍ လာရောက်ပြီး ညှိနှိုင်းနေတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်'' ဟု လက်ရှိ သီလဝါအထူးစီးပွားရေဇုန် (အပိုင်း-ခ) ပထမအဆင့်တွင် ဆောင်ရွက်လျက်ရှိသည့် အနေအထားနှင့် ပတ်သက်၍ ပြောသည်။

 

သီလဝါအထူးစီးပွားရေးဇုန် (အပိုင်း-ခ) တွင် ဟတ်တာ ၇ဝဝ ဖော်ဆောင်မည်ဖြစ်ပြီး ဟတ်တာ ပထမအဆင့် ၁ဝ၁ ကို ၂ဝ၁၇ ဖေဖော်ဝါရီက စတင်ဖော်ဆောင်ခဲ့ပြီး ၂ဝ၁၈ သြဂုတ်တွင် ပြီးစီးမည်ဖြစ်သည်။ ဒုတိယအဆင့် ၆၆ ဒသမ ၄ ဟတ်တာကိုမူ ၂ဝ၁၈ ဒီဇင်ဘာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပြီး ၂ဝ၁၉ သြဂုတ်တွင် ပြီးစီးနိုင်ရန် ရည်ရွယ်ထား ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

 

၂ဝ၁၈ သြဂုတ်တွင် အကောင်အထည်ဖော်မှု ပြီးစီးမည့် သီလဝါ အထူးစီးပွားရေးဇုန်(အပိုင်း-ခ) ပထမအဆင့် ဟတ်တာ ၁ဝ၁ (ဧက ၂၅ဝ)တွင် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီခြောက်ခုကို မြေငှားရမ်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ် ထံမှ သိရသည်။

 

သီလဝါအထူးစီးပွားရေးဇုန် (အပိုင်း-ခ)ပထမအဆင့် ၁ဝ၁ ဟတ်တာပေါ်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာ သန်းသန်းသွယ်က'' အခုဆိုရင် သီလဝါ အထူးစီးပွားရေးဇုန်ဘီ (အပိုင်း-ခ) ရဲ့ ၁ဝ၁ ဟတ်တာထဲမှာ ၄၉ ရာခိုင်နှုန်းက မြေငှားရမ်းလို့ ပြီးသွားပါပြီ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီး ယားနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ငှားပြီးသွားပါပြီ၊ အဓိကကတော့ ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း (material) ထုတ်လုပ်တာတွေ၊ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းစတာတွေကို ထုတ်လုပ်မှာပါ၊ အဲ့ဒီကုမ္ပဏီခြောက်ခုရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၁၉ သန်း ရှိပါတယ်၊ နောက်ထပ်ကုမ္ပဏီသုံးခုကလည်းinvestment ပါမစ်ကို စောင့်နေကြတယ်၊ မြေကတော့ ငှားရမ်းပြီးသွားပါပြီ'' ဟု ပြောသည်။

 

သီလဝါအထူးစီးပွားရေးဇုန် (အပိုင်း-ခ)ပထမအဆင့်သည် ယခုအခါတွင် အကောင်အထည်ဖော်မှု ရာခိုင်နှုန်း ၅ဝ ကျော် ပြီးစီပြီဖြစ်ကာ အပိုင်း(ခ) ပထမအဆင့် ဧရိယာတွင် နေထိုင်ခဲ့သည့်သူများအား မြိုင်သာယာ (၃) ရပ်ကွက်တွင် အိမ်များ ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

 

''ဇုန်ဘီမှာနေခဲ့တဲ့ သူတွေကို မြိုင်သာယာ (၃) ရပ်ကွက်မှာ ပေ ၄ဝ x ပေ ၅ဝ ရှိတဲ့ မြေပေါ်မှာ ၁၆ ပေ x ၂၄ ပေ ရှိတဲ့ အိမ် ဆောက်ပြီး နေရာရွှေ့ပေးခဲ့ပါတယ်၊ JICA ရဲ့ guide line မူဝါဒတွေအတိုင်း လျော်ကြေးတွေ သတ်မှတ်ပေးခဲ့တယ်၊ အိမ်ခြေ ၉ဝ နေရာချထားခဲ့ပါတယ်၊ အခုအချိန်မှာ အဲ့ဒီသူတွေ အသက်မွေးဝမ်းကျောင်းရရှိစေမယ့် လုပ်ငန်းတွေကိုလည်း စတင်လုပ်ကိုင်နေပြီဆိုတာ အသိပေး ပြောကြားလိုပါတယ်'' ဟု ဒေါက်တာ သန်းသန်းသွယ်က ပြောသည်။

 

နိုင်ငံတော် အစိုးရအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကို ဟတ်တာ ၂၄ဝဝ အထိ ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး သီလဝါအထူးစီးပွားရေးဇုန် ပထမဆင့် သီလဝါအထူးစီပွားရေး ဇုန် (အပိုင်း-က) ၄ဝ၅ ဟတ်တာ စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်နိုင်ခဲ့သည်။

 

''ဇုန်အေ (အပိုင်း-က) ရဲ့ အောင်မြင်မှုအနေနဲ့ အခုဆိုရင် ဇုန်အေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ နီးပါးလောက် ရင်းနှီးမြှုပ်နှံခဲ့တယ်၊ ဇုန်အေရဲ့ မြေဆိုရင် ၉၆ ရာခိုင်နှုန်း လောက်က ငှားရမ်းပြီးပြီ၊ ကျန်တဲ့ လေးရာခိုင်နှုန်းကိုလည်း လာရောက်ကြည့်ရှုကြတယ်၊ ဒါပေမယ့် သူတို့တွေ လိုချင်တာက အကြီးကြီးတွေ၊ သီလဝါအထူးစီးပွားရေးဇုန်က နာမည်ကျော်လာတော့ ကုမ္ပဏီအကြီးကြီးတွေက လာကြတယ်၊ အခုဆိုရင် နိုင်ငံပေါင်း ၁၆ နိုင်ငံက လုပ်ငန်းပေါင်း ၉ဝ ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပါမစ်ပေးထားတယ်၊ လုပ်ငန်း ၄ဝ ကျော်က စက်ရုံအလုပ်ရုံတွေ လည်ပတ်နေပါပြီ၊ အဲ့ဒီထဲကမှ စက်ရုံလေးရုံကတော့ သူတို့ရဲ့ ထုတ်ကုန်တွေကို Export ပို့နေပါပြီ၊ Export ပို့နေတဲ့ စက်ရုံ တွေကလည်း ကျွန်မတို့ မြန်မာနိုင်ငံလို FTA (လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်) ရှိတဲ့နိုင်ငံတွေက အာဆီယံ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ကို ပို့မယ်ဆိုရင် သက်သာတဲ့ အကောက်ခွန်နှုန်းတွေရတယ် '' ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါ်ချိုချိုဝင်းက ပြောသည်။

 

ဒေါ်ချိုချိုဝင်းက ''ဒေသခံပြည်သူများအတွက် ဒဂုံ-သီလဝါ အမြန်လမ်းမကြီးနားမှာ ချိတ်ဆွဲထားတဲ့ ဒေသဖွံ့ဖြိုးရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးရေးဆီသို့ဆိုတဲ့ ဆိုင်းဘုတ်အတိုင်း ဒေသဖွံ့ဖြိုးရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးရေးသို့ဆိုတာ ဒီဒေသမှာ နေထိုင်သူတွေရဲ့ ဆန္ဒလို့ပဲ ယူဆတော့ သီလဝါအထူး စီးပွားရေးဇုန်ကို ရည်မှန်းချက်အတိုင်း ပြည့်မီအောင် ဆက်လက် ဆောင်ရွက်သွား မယ်''ဟု ဆက်လက်ပြောသည်။

 

သီလဝါအထူးစီးပွားရေးဇုန်သည် မြေဟတ်တာပေါင်း ၂၄ဝဝ အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် စီမံကိန်းတစ်ခုဖြစ်ကာ ယခုအချိန်ထိ သီလဝါအထူး စီပွားရေးဇုန် အပိုင်း-က (ဇုန်အေ) ၄ဝ၅ ဟတ်တာနှင့် အပိုင်း-ခ (ဇုန် ဘီ) ပထမအဆင့် ၁ဝ၁ ဟတ်တာနှင့် ဒုတိယအဆင့် ၆၆ ဒသမ ၄ ဟတ်တာတို့ကို အကောင်အထည်ဖော်လျက် ရှိသည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်