မောင်သောင်းဝင်း (တမန်ဟောင်း)

 

မြန်မာတစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် အဋ္ဌမလဖြစ်ပြီး ရှေးခေတ်ကျောက်စာတို့၌ “တန်ဆောင်မှုန်” ဟုရေးထိုး၍ ရွတ်ဆိုခေါ်ဝေါ်ရာတွင် “တန်ဆောင်မှုန်း” ဟု ခေါ်ဝေါ်ကြသည်။ ထိုမှတစ်ဆင့် တန်ဆောင်မုန်းဟု ရွေ့လျားလာခြင်းဖြစ်ပေသည်။ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိသည်။

 

ထို့ပြင် တန်ဆောင်မုန်းလတွင် ထူးခြားသည်မှာ ကထိန်လျာလှူဒါန်းပွဲ ဖြစ်သည်။   သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အထိ တစ်လအတွင်း လှူဒါန်းရသောပွဲသည် ကထိန်လျာ လှူဒါန်းပွဲဖြစ်သည်။ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်၊ တစ်ကြိမ်တွင် တစ်ကျောင်း လှူဒါန်းလေ့ရှိ သော အလှူမျိုးဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်များတွင်  တန်ဆောင်မုန်းလ ကထိန်လျာ ဉတ်သင်္ကန်းကပ်လှူပွဲမှာ ထင်ရှားလှပေသည်။

 

ပီတိဖြစ်ဖွယ်ရာမြင်ကွင်း

“အလှူရေစက်လက်နှင့်မကွာ”  ဆိုသောစကားသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အလှူဒါန ရက်ရောမှုကို ဖော်ညွှန်းလျက်ရှိသည်။ ထိုသို့လှူဒါန်းရာတွင် အလှူရှင်၊ လှူဖွယ်ပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်တို့ အပေါ်မူတည်၍ အကျိုးဖြစ်ထွန်းမှုလည်းကွာခြားလျက်ရှိသည်။ ဗုဒ္ဓဘာသာမြန်မာတို့သည် ဝါလကင်းလွတ် သီတင်းကျွတ်ပြီ ဆိုသည်နှင့် နိုင်ငံတစ်ဝန်းတွင် ဘုရားပွဲများ၊ ရှင်ပြုပွဲများ၊ တရားပွဲများ၊ အလှူ မင်္ဂလာပွဲများကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာကြသည်။ အထူးသဖြင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ သည် တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလအတွင်း ရပ်ကွက်၊ ကျေးရွာ၊ ရုံး၊ ဌာနအလိုက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိကြသည်။  ပီတိဖြစ်ဖွယ်ရာပင် ဖြစ်သည်။

 

လှူဒါန်းတတ်စေလို

စင်စစ်အားဖြင့် အလှူတစ်ခု၏အကျိုးကျေးဇူးသည် လှူဒါန်းသူ၏  စိတ်စေတနာ ထက်သန်မှုပေါ်တွင် များစွာ မူတည်နေပါသည်။ အလှူရှင်၊ လှူဖွယ် ပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်သုံးဦး၊ သုံးဖလှယ်တို့တွင် သီလ၊  သမာဓိ၊ ပညာတို့နှင့် ပြည့်စုံနေမည်ဆိုလျှင် ထိုလှူဒါန်းမှုအတွက် အကျိုးပေးသည်မှာ အတိုင်းထက်အလွန်ပင်ဖြစ်သည်။ အလှူရှင်သည် လယ်စိုက်သူနှင့်တူပြီး လှူဖွယ်ပစ္စည်းသည် မျိုးစေ့နှင့်တူညီမှုရှိသည်။ ထို့အတူ အလှူခံ ပုဂ္ဂိုလ်သည် လယ်ကွက်နှင့် အလားသဏ္ဌာန်တူညီသည်။ လယ်စိုက်သူ အလှူရှင်သည် ကြိုးပမ်းအားထုတ်မှုများ မည်မျှပင်ရှိနေစေကာမူ လှူဖွယ်ပစ္စည်းဖြစ်သည့် မျိုးစေ့သည် ညံ့ဖျင်းနေသည့်အပြင် အလှူခံပုဂ္ဂိုလ် ဖြစ်သော လယ်ကွက်တွင်လည်း မြေဆီလွှာညံ့ဖျင်းနေပါက အထွက်နှုန်းကောင်းနိုင်မည် မဟုတ်ချေ။ ထို့အတူ လယ်စိုက်သူ အလှူရှင်၏ အားထုတ်မှုနှင့် လှူဖွယ်ပစ္စည်းမျိုးစေ့တို့ မည်မျှပင်ကောင်းမွန်နေစေကာမူ အလှူခံပုဂ္ဂိုလ်ဖြစ်သည့် လယ်ကွက်သည် သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်ဟု ခေါ်ဆိုသော မြေဆီလွှာများမရှိပါက ထိုအလှူသည် အကျိုး ကြီးမားစွာ ဖြစ်ထွန်းနိုင်မည် မဟုတ်ပေ။

 

အလှူခံပုဂ္ဂိုလ်ဖြစ်သည့် လယ်ယာမြေသည် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များဖြစ်သည့် မြေဆီလွှာများ မည်မျှပင်ပြည့်စုံနေစေကာမူ လယ်စိုက်သူအလှူရှင်၏ စေတနာသုံးတန် ပြတ်သားမှုနှင့် မျိုးစေ့ဟုခေါ်ဆိုသည့် လှူဖွယ်ပစ္စည်း များ၏သန့်ရှင်းမှုတို့မရှိလျှင်လည်း ထိုအလှူအတွက် အကျိုးတရားသည် ကုန်ကျသလောက် အကျိုး ကျေးဇူးများ ရရှိခံစားရနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် အလှူဒါနပြုရာတွင် စေတနာသုံးတန် ပြတ်သားရန်၊ သန့်ရှင်းစင်ကြယ်သော လှူဖွယ်ပစ္စည်း ဖြစ်နေစေရန်နှင့် သီလ၊ သမာဓိ၊ ပညာဂုဏ် တို့နှင့် ပြည့်ဝသော အလှူခံပုဂ္ဂိုလ်တို့ကို ရွေးချယ်လှူဒါန်းတတ်ရန် လိုအပ်ပါသည်။

 

သင်္ကန်းတွင် ကထိန်၊ ကျောင်းမှာသိမ်

လူတိုင်းသည် နေ့စဉ်ဒါနကောင်းမှုကုသိုလ် အမျိုးမျိုးပြုလုပ်နိုင်ပေသည်။ အထူးသဖြင့် “သင်္ကန်း တွင် ကထိန်၊ ကျောင်းမှာ သိမ်” ဆိုသောစကားသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလှူဒါနပြုရာတွင် အကျိုးဖြစ်ထွန်းစေရန် လမ်းပြပေးလျက်ရှိသည်။ ဆိုလိုသည်မှာ ကျောင်းလှူရာတွင် သိမ်ကျောင်းလှူဒါန်းခြင်းသည် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ မြင့်မြတ်သောရဟန်းပြုခြင်း၊ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်းနှင့် အခြားသော သံဃာကိစ္စအဝဝတို့ကို ထိုသိမ်ကျောင်းအတွင်း၌သာ ပြုလုပ်ကြသည်။ ထို့ကြောင့် သိမ်ကျောင်းသည် သာသနာ၏ ရေသောက်မြစ်ဟုပင် ဆိုနိုင်သည်။ ထိုနည်းတူစွာပင် ကထိန်သင်္ကန်းသည်လည်း ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏ စွဲမထားဘဲ “သံဃာ” ကိုသာ ရည်မှန်း လှူဒါန်းရခြင်း ဖြစ်သည်။

 

ကထိန်သင်္ကန်းသည် သံဃာများကိုသာ ရည်မှန်းလှူဒါန်းရသောကြောင့် သံဃိကဒါနမြောက်ခြင်း၊ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိသာ လှူဒါန်းရသဖြင့် ကာလဒါနမြောက်ခြင်း၊ သံဃာတော်များကို လာဘ်လာဘဖြစ်ထွန်းစေကာ ချမ်းသာစေခြင်း၊ လှူဒါန်းသူကို အကျိုးငါးပါး တိုးပွားစေခြင်းနှင့် သံဃာများအား ဝိနည်းသိက္ခာငါးပါးဖြင့် သင့်ရောက်နိုင်သော အာပတ်တို့ကို ပြယ်နိုင်ခြင်းတို့ကြောင့် ကထိန်သင်္ကန်းလှူဒါန်းရခြင်းသည် အမွန်မြတ်ဆုံးဒါန တစ်ခုပင်ဖြစ်သည်။ ထိုသို့ ကထိန်ခင်းရာတွင် ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာ ပြုသော ရဟန်းသံဃာတော်များရှိရာ ကျောင်းတိုက် များ၌သာ ကထိန်ခင်းရသည်။ ကထိန်ခင်းရာ၌ သင်္ကန်း တစ်ထည်တည်းဖြစ်စေ၊ အများကိုဖြစ်စေ “ဣမံစီဝရံ သံဃဿဒေမိ” ဤသင်္ကန်းကို သံဃာတော် များအားလှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြပါသည်။

 

ကထိန်သင်္ကန်းဖြစ်ပေါ်လာခြင်း

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြော် ရန်အတွက် ဘဒ္ဒဝဂ္ဂီနှင့် ရဟန်းသုံးကျိပ်တို့သည် ဝါကျွတ်သောအခါ ဝါဆိုဝါကပ်ရာဖြစ်သော သာကေတမြို့မှ ခြေကျင်ခရီးဖြင့် ကြွလာခဲ့ကြသည်။ ထိုစဉ်က မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစွတ်စိုကုန်ကြသည်။ ထိုသို့မိုးရေ စိုစွတ်သော သင်္ကန်းဖြင့်ပင် ဖူးမြော်ကြသည်ကို မြတ်စွာဘုရား မြင်တွေ့ရသောအခါ ခရီးဝေးမှ လာသည့် ထိုရဟန်းတို့ကို အကြောင်းပြု၍ ပူရိမဝါကပ်ခြင်း၌ ပြည့်စုံသောရဟန်းတို့အား ကထိန်ခင်းခွင့်ပြု ကြောင်း ပညတ်တော်မူခဲ့သည်။ ထိုအချိန်မှစ၍ ကထိန်သင်္ကန်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဗုဒ္ဓ စာပေများတွင် ဖတ်ရှုမှတ်သားရပါသည်။

 

ကထိန်ပွဲတော်ကို “မိုးလကုန်စဲ ကထိန်ပွဲ” ဟူသောဆိုရိုးစကားနှင့်အညီ သီတင်းကျွတ်လပြည့် ကျော် ၁ ရက်နေ့မှ တန်ဆောင်းမုန်းလပြည့်နေ့ အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ရှေးဘုရင် များ လက်ထက်ကတည်းကပင် ကထိန်ပွဲများကျင်းပ ခဲ့ကြသည်။ မျက်မှောက်ကာလတွင် ကထိန်ခင်းရာ၌ မရှိနွမ်းပါးသော ရဟန်းကိုဖြစ်စေ၊ အကြီးဆုံးမထေရ် ကိုဖြစ်စေ ကပ်လှူရန်အတွက် ဉတ်သင်္ကန်းအပြင် ပရိက္ခရာရှစ်ပါးနှင့် အခြားသော လှူဖွယ်ပစ္စည်းများကိုလည်း ထည့်သွင်းလှူဒါန်းလေ့ရှိကြသည်။

 

အကျိုးကျေးဇူးများ

စင်စစ်အားဖြင့် ဗုဒ္ဓဘာသာမြန်မာတို့အနေဖြင့် မိမိတို့၏ချွေးနှဲစာကို တတ်နိုင်သမျှခြိုးခြံချွေတာ စုဆောင်းပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းသွား မည်ဆိုလျှင် အောက်ဖော်ပြပါ အကျိုးငါးဖြာကို ချက်ချင်းရရှိနိုင်ပေသည်-

 

(၁) မိမိသွားလိုရာခရီးကို အတားအဆီး၊ အနှောင့်အယှက်မရှိ လွတ်လပ်ဘေးကင်း စွာ သွားလာနိုင်ခြင်း။

 (၂) လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ခြင်း။

(၃) အစာအဆိပ်သင့်မှု ဘေးအန္တရာယ်မှ ကင်းဝေးနိုင်ခြင်း။

(၄) မိမိပစ္စည်းဥစ္စာများအား အဖျက်အမှောင့်များရန်မှ ကာကွယ်နိုင်ခြင်း။

(၅) မိမိပစ္စည်းဥစ္စာများအား သူတစ်ပါးနိုင် ထက်စီးနင်း ယူဆောင်ခြင်းမှ ကာကွယ်နိုင်ခြင်း။

 

ထို့ပြင် ကထိန်သင်္ကန်းအလှူရှင်များသည် ရွှေအဆင်းကဲ့သို့ ဝင်းဝါသောအသားအရေရှိခြင်း၊ ခန္ဓာကိုယ်၌ အညစ်အကြေးကင်းစင်ခြင်း၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊ ကိုယ်ရောင်ကိုယ်ဝါတောက်ပ ခြင်း၊ နောက်ဆုံးပေါ် အဝတ်အစားမျိုးစုံကို ဝတ်ဆင်ခွင့်ရရှိခြင်း၊ ကျောင်းအစ်မကြီး ဝိသာခါကဲ့သို့ မဟာ လတ္တာ တန်ဆာကို ဆင်မြန်းခွင့်ရရှိခြင်းနှင့်အဆုံးတစ်နေ့တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်းဟူသော ထူးကဲသည့် အကျိုးတရားများစွာကို လည်းရရှိနိုင်ပေသည်။ ဆိုရလျှင် ကထိန်သင်္ကန်း အလှူရှင်များဖြစ်ကြသည့် ဗုဒ္ဓဘာသာမြန်မာ တိုင်းရင်းသားများသည် ဆိုခဲ့ပါအကျိုးတရားများရရှိ နေမှာ အသေအချာပင် ဖြစ်သည်။

 

မုဒိတာပွားနိုင်

မြန်မာနိုင်ငံတွင် သီတင်းကျွတ်လပြည့်ကျော်သည်နှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ ကျေးရွာအလိုက် ကထိန်ပွဲများဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် ရုံး၊ ဌာနများ၊ ကျောင်းများအလိုက်လည်း ကထိန်အလှူပွဲများ ကျင်းပလာကြသည်မှာ ပီတိ ဖြစ်ဖွယ်ရာပင်ဖြစ်သည်။ နေရာတိုင်းတွင် ပဒေသာပင် များနှင့် ပနံရလျက်ရှိသည်။ ပဒေသာပင်ဟူသော ဝေါဟာရသည် ပြီးပြည့်စုံခြင်းဟု ဆိုနိုင်ပေသည်။ လူတစ်ဦးသည် ပဒေသာပင်တွင် မိမိတတ်နိုင်သမျှ ချိတ်ဆွဲ လှူဒါန်းနိုင်ပေသည်။ ငွေကြေးမတတ်နိုင် သူများသည်ပင်လျှင် လုပ်အားဒါနဖြင့် ပါဝင်လှူဒါန်း နိုင်ကြသည်။ ကထိန်ပွဲတော်တွင် မပါမဖြစ်သောအရာသည် ပဒေသာပင်လှည့်ခြင်းဖြစ်သည်။ ပဒေသာပင် လှည့်ခြင်း၏ ရည်ရွယ်ချက်သည် လှူဖွယ်ပစ္စည်းများ ချိတ်ဆွဲထားသော ထိုပဒေသာပင်များကို ကြည့်ရှုပြီး မုဒိတာပွားများနိုင်စေရန်ဖြစ်သည်။

 

ဆက်လက်ထိန်းသိမ်းထားသင့်

ကမ္ဘာတွင် အလှူရေစက် လက်နှင့်မကွာသည်မှာ ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားများသာ ဖြစ်ကြသည်။ သာဓကအနေဖြင့် မြန်မာတို့သည် အလှူဒါနရက်ရောကြသဖြင့် မြန်မာနိုင်ငံသည် အလှူအတန်းပြုရာတွင် ကမ္ဘာ့အဆင့် တစ်နေရာ၌ပင် ရပ်တည်နိုင်ခဲ့ဖူးသည်။ အထူးသဖြင့် ကျေးလက်နေ ပြည်သူများသည် လယ်ယာထွက်ကုန် ပေါ်ဦး၊ ပေါ်ဖျား၊ စားဦး၊ စားဖျားတို့ကို ဦးစွာအလှူအတန်း ပြုလုပ်ကြသည်။ ထို့ပြင် စာနာမှု၊ လူသားချင်း ကိုယ်ချင်းစာတရားနှင့် ပြည့်စုံကြသည့် လူမျိုးများဖြစ်သည်။ သာဓက အနေဖြင့် ရေဘေးအပါအဝင် သဘာဝဘေးဒဏ်သင့် ပြည်သူများကို ငွေအား၊ လူအားတတ်နိုင်သမျှ ဝိုင်းဝန်းကူညီဖေးမလှူဒါန်းခဲ့ကြသည်။ ဂုဏ်ယူစရာ ကောင်းသော ထိုစိတ်ဓာတ်နှင့် ရိုးရာထုံးတမ်း အစဉ်အလာတို့ကို သားစဉ်မြေးဆက် ဆက်လက် ထိန်းသိမ်းသွားရန်သည် မျိုးဆက်သစ်တို့၏ တာဝန်ပင်ဖြစ်သည်။

 

ကထိန်သင်္ကန်းနှင့် အကျိုးထူးငါးဖြာ

ဆိုရလျှင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသောအလှူသည် ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများအတွက် များစွာကုသိုလ်ဖြစ်ထွန်းစေသော အလှူဒါနတစ်ခုပင်ဖြစ်သည်။ ထိုအလှူကိုတတ်အားသရွေ့ ပါဝင် လှူဒါန်းခြင်းသည် လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးတရားများရရှိစေမည်ဖြစ်သည်။ ထိုသို့ လှူဒါန်းရာတွင်လည်း ငွေကြေးနှင့်အချိန် ကုန်ရကျိုးနပ်အောင် ကထိန်သင်္ကန်းကို သံဃာလက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်း ဆက်ကပ်သွားသင့်ပေသည်။ သို့မှသာလျှင် အကျိုးတရားများစွာကို လက်တွေ့ကျကျ ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့် အကျိုးထူးငါးဖြာကို ချက်ချင်းရရှိစေနိုင်သော ကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်း သွားကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။