ကျိုင်းတောင်းရေတံခွန်နှင့် ကျိုင်းတောင်းရေအားလျှပ်စစ်

မောင်ယဉ်ကျေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင်တည်ရှိသည့် ကျိုင်းတောင်းမြို့လေးနှင့် နမ့်တိန်းချောင်းတို့သည် မိုင်းကိုင်နယ်မှ စတင်မြစ်ဖျားခံကာ လဲချား၊ နမ့်စန်၊ မိုးနဲ၊ ကျိုင်းတောင်း၊ လင်းခေးဒေသများအား ကြည်လင်အေးမြစွာဖြင့် ဖြတ်သန်းစီးဆင်းပြီး သံလွင်မြစ်အတွင်းသို့ ပေါင်းစပ်စီးဝင်သွားသည်။

အရှိန်အဟုန်ပြင်းစွာ စီးဆင်းလျက်ရှိသော ကျိုင်းတောင်းရေတံခွန်၏အလှအား နိုင်ငံတော် အစိုးရမှ ဒေသတွင်းနေပြည်သူများ၏အကျိုးစီးပွားကိုရှေးရှုကာ ၂၃၂၅ စတုရန်းမိုင် အကျယ် အဝန်းရှိ ရေဆင်းဧရိယာကိုအခြေပြုပြီး ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံ စီမံကိန်းအဖြစ် ၂၀ဝ၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ရေတံခွန်အထက်ဘက်တွင် နမ့်တိန်းချောင်းရေအားလွှဲယူကာ အလျား ၁၀၈ ပေ၊ အကျယ် ပေ ၉၀၊ အမြင့် ၂၂ ပေရှိ သံကူကွန်ကရစ်ရေယူအဆောက်အအုံမှတစ်ဆင့် ကွန်ကရစ်ရေမြောင်း သွယ်ယူပြီး ၁၅ ပေ x ၂၆၀ဝ ပေရှိ ဖိအားမြှင့် သံမဏိပိုက်လိုင်းဖြင့် စုစုပေါင်းရေအား ၄၂၇ ပေ ရယူကာ စက်တပ်ဆင်အား ၁၈ မဂ္ဂါဝပ်ရှိ လျှပ်စစ်တာဘိုင်စက် သုံးလုံး စုစုပေါင်းတပ်ဆင်အား ၅၄ မဂ္ဂါဝပ်ဖြင့်လည်ပတ်ပြီး နှစ်စဉ်ပျမ်းမျှ ကီလိုဝပ် နာရီသန်းပေါင်း ၃၇၇ ဒသမ ၆ ရှိ လျှပ်စစ် ဓာတ်အား ထုတ်လွှတ်ပေးနိုင်သည့် ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံကို ၂၀ဝ၉ ခုနှစ် မတ် ၂၁ ရက်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ကျိုင်းတောင်းရေအားလျှပ်စစ်အခြေပြုရာ ကျိုင်းတောင်းဒေသကို စက်ရုံမှတိုက်ရိုက်လျှပ်စစ်ဓာတ်အားဖြန့်ချိပေးကာ မြန်မာပြည်သူ များအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားများကို နမ့်စန်ဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်းသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။