“ခေတ်ရဲ့ကြေးမုံ” စာပေဖြင့်အကျိုးပြု

 

 

“ယနေ့ကဲ့သို့ ပညာခေတ်တွင် ရုပ်ဝတ္ထုများ ဘက်ပေါင်းစုံက အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်နေသည်နှင့်အညီ အဆိုပါရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးချနေသည့် မိမိတို့လူသားများ၏ အသိပညာမြင့်မားရေးနှင့် စိတ်ဓာတ်ကောင်းမွန်ရေးသည်လည်း အရေးပါလာသည်ကို တွေ့ရပါကြောင်း၊ လူများတွင် အဖိုးတန်ဆုံးအရာသည် အသိပညာပင်ဖြစ်ပါကြောင်း၊ အသိပညာကို အတွေ့အကြုံ နှင့်စာပေက ရနိုင်သည့်အတွက် လူတိုင်းစာဖတ်သင့်ကြောင်း ရှေးအဆက်ဆက် ပညာရှိများက မှာကြားခဲ့သကဲ့သို့ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များအားလုံးတို့၏ တူညီသောမြွက်ဟမှုသည်လည်း “စာဖတ်တယ်”ဆိုသည့်စကား ပင်ဖြစ်ပါကြောင်း”

 

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် စာပေအသိပညာဗဟုသုတနှင့် ပတ်သက်သည့် အထက်ပါ ကောက်နုတ်ချက်ကို မှတ်သားမိပါသည်။ လူတိုင်းသည် အတွေ့အကြုံသက်သက်ဖြင့် အသိပညာ ဗဟုသုတများကို ကုန်စင်အောင်မရနိုင်၊ စာပေအသိပညာဖြင့်လည်း လောကကောင်းကျိုးစီးပွားကို ပြည့်စုံအောင်မဆောင်ရွက်နိုင်၊ နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရသည့် လူပေါင်းများစွာတို့၏ အတွေ့အကြုံ အသိအမြင် အတွေးအခေါ်များကို အခြေခံ၍ လက်တွေ့အတွေ့အကြုံများကိုပေါင်းစပ်ကာ ဆောင်ရွက်မှသာ ပြီးပြည့်စုံ မှုကို ရရှိနိုင်မည်ဖြစ်သည်။

 

စာပေသည် “ခေတ်ရဲ့ကြေးမုံ”ဖြစ်သည်။ ခေတ်သမိုင်းတစ်လျှောက် လူအပေါင်းတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးဆောင်ကြဉ်းမှုများကို သတင်း စာ၊ ဂျာနယ်၊ စာအုပ်စာပေတို့တွင် မှတ်တမ်းတင်ထားပေသည်။ ထို့ကြောင့် စာပေ သည် ခေတ်၏ကြေးမုံပြင်ဟု ခေါ်ဆိုထိုက်သည်။ ခေတ်ကာလ သမိုင်းတစ်လျှောက် မှတ်တမ်းတင်ထားသည့် စာပေကြေးမုံပြင်တွင် အသိပညာဗဟုသုတများကို လှစ်ဟ ကြည့်နိုင်သည်။ မြန်မာ့သမိုင်းတစ်လျှောက်တွင် ရဟန်းစာဆို၊ လူစာဆိုများ အပါအဝင် မြန်မာစာဆိုတော်ကြီးများက ပြောင်မြောက်သော မြန်မာစာပေစွမ်းပကားများဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး စီးပွားအတွက် စွမ်းဆောင်ထုတ်ဖော်ထားသည်များမှာ ချီးကျူးမကုန်နိုင်အောင်ပင်ဖြစ်သည်။

 

မြန်မာစာပေစွမ်းပကားဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့သည်များကို အသိအမှတ် ပြုသောအားဖြင့် ဂုဏ်ပြုရမည်ဖြစ်သည်။ ချီးကျူးဂုဏ်ပြုပူဇော်သောအားဖြင့် နှစ်စဉ်နှစ်တိုင်း စာဆိုတော်နေ့ အခမ်းအနားကျင်းပခြင်းနှင့် စာပေဆုနှင်းသဘင် ကျင်းပခြင်းအခမ်းအနားများကို ပြုလုပ်ခဲ့ကြပေသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်နေ့၌ နိုင်ငံနှင့်အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာအတွက် ကလောင်စွမ်းအားဖြင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို အလေးအမြတ်ပြုပြီး စာဆိုတော်နေ့ အခမ်းအနားကို ၁၉၄၄ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော် ရှိပြီဖြစ်သည်။

 

၁၂ ရာစု ပုဂံခေတ်မှစတင်ပြီး မျက်မှောက်ကာလအထိ ပေါ်ထွန်းနေဆဲဖြစ်သည့် မြန်မာစာပေဖြစ်ထွန်းမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေမှုနှင့် အကြောင်းအကျိုး ဆက်စပ်ပေသည်။ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်စကားအတိုင်း နိုင်ငံကောင်းရာ ကောင်းကျိုးအတွက် တိုင်းရင်းသားပြည်သူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ အတွေးအခေါ် အယူအဆစသည့် ပြည်သူများ၏ ရပ်တည်လုပ်ဆောင်နိုင်မှုများသည် အရေးကြီး ပေသည်။ ပြည်သူများအား အသိပညာဗဟုသုတနှင့် စိတ်ဓာတ်မြင့်မားရေးကို စာပေအနုပညာရှင်ကြီးများ၏ စွမ်းပကားများဖြင့် ခေတ်အဆက်ဆက်ဆောင်ရွက်ပေးခဲ့ သည်ကို သမိုင်းကြေးမုံပြင်တွင် မြင်တွေ့နိုင်ပေသည်။

 

ပြည်သူများ အသိပညာဗဟုသုတနှင့် စိတ်ဓာတ်ခွန်အား မြင့်မားရေးကို စာပေအနုပညာရှင်များက ဝိုင်းဝန်းစွမ်းဆောင်ပေးခြင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ စာပေပညာရှင်များ၊ သတင်းစာပညာရှင်များက မိမိတို့တတ်ကျွမ်းသည့် စာပေပညာ ရပ်များ၊ သတင်းစာပညာနှင့် မီဒီယာလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်တစ်ခုလုံးအကျိုးကို ဦးတည်ဆောင်ရွက်ခဲ့သည့် သမိုင်းမှတ်တမ်းများရှိသည်။ ဝါသနာကိုအခြေခံ၍ စိတ်စေတနာကောင်းကို ထပ်ဆောင်းပြီး ကြိုးပမ်းအားထုတ်ခဲ့မှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ စာပေပညာရပ်အမျိုးမျိုးဖြင့် ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် သယ်ပိုးထမ်းရွက်မှုများမှာ နိုင်ငံနှင့်လူမျိုးအတွက် များစွာအကျိုးပြုခဲ့ကြပေသည်။ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် စာပေကြေးမုံပြင်ကိုလှစ်ဟပြီး မျက်မှောက်ကာလ မိမိတို့အကျိုး၊ နိုင်ငံတော်အကျိုးများကို သယ်ပိုး ထမ်းဆောင်နေသည့် လက်တွေ့နယ်ပယ်တွင် ပေါင်းစပ်အသုံးချကာ ကောင်းကျိုးများအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ