ဟိုပန်မြို့ ရဋ္ဌပါလကုန်းမြေပေါ်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လေးဆူ

သီပေါကိုလတ်

 

သာယာလှပပြီး အေးချမ်းသော ဟိုပန်မြို့။ ရိုးသား၍ ဘာသာတရားကိုင်းရှိုင်းသည့် တိုင်းရင်းသားတို့ နေထိုင်ရာဒေသလေး။

 

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂ ဒီဂရီ ၅၆ မိနစ် ၃၀ စက္ကန့်နှင့် ၂၃ ဒီဂရီ ၂၉ မိနစ် ၄၀ စက္ကန့်အကြား၊ အရှေ့လောင်ဂျီကျူ ၉၈ ဒီဂရီ ၂၂ မိနစ် ၉ စက္ကန့်နှင့် ၉၉ ဒီဂရီ ဝ မိနစ် ၄၀ စက္ကန့်အကြားတွင် တည်ရှိသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၉၇ ဒသမ ၃၀ မိုင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၁၃၃၉ ပေတွင် တည်ရှိသည်။

 

ဟိုပန်မြို့သို့ လားရှိုးမြို့ မန်ဆူရှမ်းကျောင်း တိုက်ဆရာတော်နှင့်အတူ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များက ရောက်ရှိခဲ့ဖူးသည်။ ဟိုပန်မြို့အနီးရှိ ရဋ္ဌပါလကုန်းမြေပေါ်၌ တည်ထားသည့် အဘယလာဘကမ္ဘာ့ ငြိမ်းချမ်းရေးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လေးဆူအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်း အလှူတော်မင်္ဂလာ အခမ်းအနားသို့ လေ့လာနိုင်ရန် လိုက်ပါခဲ့ခြင်း ဖြစ်သည်။ အကြိုညဦးပိုင်း၌ ဟိုပန်မြို့ရှိ ဓမ္မာရုံတွင် မန်ဆူရှမ်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒက တရားဟောကြားတော်မူခဲ့သည်။ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ၊ ဇနီး ဒေါ်စဝ်နန်းပန်နှင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများလာရောက် တရားနာယူခဲ့ကြသည်။

 

နောက်တစ်ရက် ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီ နေရောင်ခြည်၏ အနွေးဓာတ်နှင့်အတူ ရဌပါလကုန်းမြေပေါ်၌ ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များ၊ ဒေသခံတိုင်းရင်းသားများ စုံလင်စွာရောက်ရှိခဲ့ကြသည်။ မကြာမီ ရွှေထီးတော်တင်လှူပူဇော်ခြင်း အလှူတော်မင်္ဂလာ အခမ်းအနား စတင်ကျင်းပခဲ့သည်။ ။

 

ဆက်လက်၍ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးလေးဆူ၏ အထွတ်၌ တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ဘုရားဒါယကာ၊ ဘုရားဒါယိကာမများ၊ အလှူရှင်များက ပင့်ဆောင်၍ ရင်ပြင်တော်ပေါ်၌ လက်ယာရစ်လှည့်လည် အပူဇော်ခံခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံတောင်တန်းဒေသ ဗုဒ္ဓဘာသာ သာသနာပြု အဏ္ဏဝါကုသိုလ်ဖြစ် ထီးတော်အဖွဲ့က ပန်းရထားဖြင့် တင်လှူပူဇော်ပေးခဲ့ကြသည်။

 

အဆိုပါ ထူးခြားသော အဘယလာဘ ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လေးဆူအား အောက်ပါအတိုင်း ကမ္ပည်းကျောက်စာရေးထိုး စိုက်ထူထားသည်ကိုတွေ့ရှိ မှတ်သားခဲ့ရသည်။

 

အဘယလာဘ ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့ ရဋ္ဌပါလကုန်းမြေပေါ်၌ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဘုရားဒါယကာ ဦးခွန်ထွန်းလူ၊ ဘုရား ဒါယိကာမ ဒေါ်စဝ်နန်းပန် သားသမီး မြေးမြစ် တစ်စုတို့မှမတည်၍ ရပ်ဝေးရပ်နီး အလှူရှင်များ က အဘယလာဘ ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓရုပ်ပွားတော်မြတ် လေးဆူအား ၂၄-၁-၂၀၁၆ နေ့တွင် ပန္နက်တင် မင်္ဂလာပြုလုပ်၍ သာသနာတော်နှစ် ၂၅၆၁ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခုနှစ် ဝါခေါင်လပြည့်နေ့၊ ခရစ်နှစ် ၁၀-၈-၂၀၁၆ ကြာသပတေးနေ့တွင် ဦးခေါင်းတော်နှင့် ရင်ဘတ်တော်အတွင်း၌ သတ္တဌာနဘုရား ဆင်းတုတော်များ၊ ဘုရားဓာတ်တော်များ၊ ရဟန္တာဓာတ်တော်များ၊ မြသပိတ်တော်၊ ပိဋကတ်သုံးပုံအနှစ်ချုပ်၊ ရွှေငွေပတ္တမြား စသော ကျောက်မျက်ရတနာမျိုးစုံတို့ကို ထည့်သွင်းပူဇော် ဌာပနာမှုပြုတော်မူပါသည်။

 

ဤသို့ပူဇော်မှုပြုရာ၌ အဘယလာဘ မုဒြာ- ပြည်သူပြည်သားတို့ ဘေးရန်ကင်းဝေး၍ စည်းစိမ်ဥစ္စာတိုးပွားစေရန်။ ဝရမုဒြာ - တောင်းသောဆုများ ပြည့်ဝစေရန်။ ဝရဒမုဒြာ-လိုရာစိတ်ကြံ အဓိဋ္ဌာန်အောင်မြင်စေရန်။ သန္တိဒမုဒြာ- အတွင်းရန်၊ အပြင်ရန်တို့ငြိမ်းအေး စေရန် နိဗ္ဗာန်ကိုရည်သန်လျက် လှူဒါန်းပူဇော်ကြသည်။

 

ဆုတောင်း

 

ငါတို့သမိုင်း မရိုင်းဖို့ရန်စိတ်ရည်သန်လျက် သားစဉ်မြေးဆက် ကုသိုလ်များဆက်၍ ရစေရန် လည်းကောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း၌ နေထိုင်ကြကုန်သော ပြည်သူများ စိမ်းစိမ်းလန်းလန်း ငြိမ်းငြိမ်းချမ်းချမ်း ရှိစေရန်လည်းကောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသား ကမ္ဘာသူ ကမ္ဘာသား ငြိမ်းချမ်းစေရန်လည်းကောင်း၊ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး အဓွန့်ရှည် တည်တံ့စေရန်လည်းကောင်း ရည်သန်၍ လှူဒါန်းပူဇော်ကြပါသည်ဟု ကမ္ပည်းကျောက်စာ ရေးထိုးမှတ်တမ်းတင်ထားသည်ကို တွေ့ရှိခဲ့ရပေသည်။

 

ထိုကမ္ပည်းကျောက်စာ ရေးထိုးသည့် အတိုင်းပင် ဒေသငြိမ်းချမ်းရေးမှသည် ကမ္ဘာ့ ငြိမ်းချမ်းရေးအထိ ကိုယ်စီလိုလားတောင်းတလျက်ရှိကြကြောင်း၊ ငြိမ်းချမ်းသာယာသော ကမ္ဘာ့ကြီးကိုသာ ခိုင်မြဲအောင် တည်ဆောက်သွားလိုကြောင်းလည်း ရည်မှန်းချက်ချင်း တူညီစွာ ဖလှယ်မိခဲ့ကြပေသည်။