ရန်ကုန် မတ် ၁၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Kabar Training Center သို့ သွားရောက်၍ ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
ဉီးစွာ သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းဖွင့်လှစ် ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Kabar Training Center တွင် သင်ကြားပို့ချနေသည့် ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းများသည် ကျွမ်းကျင်လုပ်သား အမှန်တကယ် လိုအပ်နေသည့် လုပ်ငန်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး များစွာအထောက်အကူပြုသည့် သင်တန်းများဖြစ်၍ သင်တန်းသားများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်လုပ်သား များဖြစ်စေရန် အလေးထားသင်ယူပြီး သင်တန်းကျောင်းအနေဖြင့် သင်တန်းဆင်းများကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များရယူနိုင်ရေး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခံယူရန်ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) သို့ရောက်ရှိပြီး စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ပို့ချနေမှုနှင့် Electrician (Building) Level 1 အလုပ်အကိုင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းသားများ၊ စစ်ဆေးအကဲဖြတ်မှု ဖြေဆိုသူ လုပ်သားများနှင့်တွေ့ဆုံစဉ် ကုန်ထုတ်စွမ်းအားနှင့်ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်၊ စစ်ဆေးအကဲဖြတ်ခြင်း ဝင်ရောက်ဖြေဆိုသူ လုပ်သားများအနေဖြင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) မှ ထုတ်ပေးမည့် အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များကို တန်ဖိုးထားပြီး မိမိတို့လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် စိတ်ကောင်းထားကာ လုပ်ငန်းအရည်အသွေး ပိုမိုကောင်းမွန်စေရေး လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်