စာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှုအခမ်းအနားဒုတိယနေ့ ဆက်လက်ကျင်းပ ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို ဒီဇင်ဘာ ၂၂ ရက်အထိ တစ်ရက်တိုး၍ ဖွင့်လှစ်ပြသသွားမည်

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရေးနှင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပပြုလုပ်နိုင်စေရေးအတွက် နှိုးဆော်ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု  အခမ်းအနား ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည်  ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊  ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများနှင့် အတူ နံနက် ၉ နာရီ ၁၅ မိနစ်တွင် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု ပြခန်းပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြခန်းပြကွက် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

 

ယနေ့တွင် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု ပြခန်းပြကွက်များသို့ လာရောက်ကြည့်ရှုလေ့လာကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ စာပေကို စိတ်ဝင်စားကြသည့် ပြည်သူများဖြင့်  စည်ကားများပြားလျက်ရှိသည်။

 

စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနား ဒုတိယနေ့ကို  နံနက်ပိုင်းတွင် စတင်ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စာပေပညာရှင်များ၊ စာရေးဆရာများ၊ စာတမ်းဖတ်ကြားသူများ၊ စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စာပေကို စိတ်ပါဝင်စားကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ချက်များ စာတမ်းကိုလည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက လူငယ်နှင့် စာကြည့်တိုက် ယဉ်ကျေးမှု စာတမ်းကို လည်းကောင်း ဖတ်ကြားကြသည်။

 

ဆက်လက်၍ ဦးရဲမြင့်ကျော်က ဦးဆောင်၍ ဦးတင်ညွှန့်၊ ဒေါက်တာစန္ဒာဦး၊ ဒေါ်အေးလဲ့ထွန်း (သော်တာအေးလဲ့)နှင့် ဦးမျိုးအောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်သည့်အလေ့အထများ ဖော်ဆောင်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန ပါမောက္ခ ဒေါက်တာထွန်းအောင်ကျော်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ စာတမ်းကို ဖတ်ကြားရှင်းလင်းပြီး ဦးကြည်ဝင်း(လောကအမွန်) ဦးဆောင်၍ ဦးအုန်းမြင့်-မောင်ရင့်မာ (ကျောင်းကုန်း)၊ ဦးဝင်းချို၊ ဒေါက်တာခင်လေးစိုး၊ ဦးအောင်သန်းထွဋ်နှင့် မသဲနုစံတို့က စာတတ်သူတိုင်း စာဖတ်ရေးအတွက် တွေ့ကြုံနေရသော အခက်အခဲနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

 

ယခုကျင်းပသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုအခမ်းအနား၏  ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို ဒီဇင်ဘာ ၂၂ ရက်အထိ တစ်ရက် တိုး၍ ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက် အထိ   ကျင်းပခဲ့ရာ ယခုအခါ ဝန်ထမ်းများနှင့် စာမေးပွဲများ ဖြေဆိုအပြီး လာရောက်လေ့လာလိုသည့် ကျောင်းသား ကျောင်းသူများ၏ မေတ္တာရပ်ခံချက်အရ အထူး အစီအစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက် (စနေနေ့) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနား ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို ဆက်လက်ဖွင့်လှစ် ပြသသွားမည်ဖြစ်ပြီး  စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)