စားသုံးဆီသုံးစွဲမှုပမာဏ တစ်နှစ် မက်ထရစ်တန် (၁ ဒသမ ၁၇)သန်းရှိ  ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်  ၄ ဖေဖော်ဝါရီ 

 

ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိ်ုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂)ရက်မှ (၃)ရက်ထိ မန္တလေးမြို့ရှိ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ စာတမ်းရှင်ပေါင်း(၁၅)ဦးတို့က ဆီထွက်သီးနှံကဏ္ဍ(၃)နှစ် စီမံကိန်းရေးဆွဲ ဆောင်ရွက် ရေး၊ ပြည်ပပို့ကုန်မြှင့်တင်ရေး၊ ကမ္ဘာ့ဈေးကွက် လက်လှမ်းမီနိုင်ရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ အရည်အသွေးမြှင့်တင်ရေး၊ ပဲပုတ်နှင့် ပန်းနှမ်းတိုးချဲ့စိုက်ပျိုးရေး၊ ပြည်တွင်း လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံနှင့် စားသုံးဆီမူဝါဒချမှတ်နိုင်ရေးတို့အတွက် ကဏ္ဍအလိ်ုက် ဆွေးနွေးတင်ပြကြသည်။

 

11

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့က ကြီးမှူး၍ Capital Diamond Star Foundation ၏ ပူးပေါင်းကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

 

002

 

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက  “ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဈေးကွက်မကောင်းသော ပဲစိုက်မြေများပေါ်တွင် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရန်၊ အထွက်တိုးမျိုး စေ့နှင့် နည်းပညာအသုံးပြု၍ ဆီထွက်သီးနှံဈေးနှုန်း ကျဆင်းရေးကြိုးပမ်းရန်နှင့် နိုင်ငံတော် က တောင်သူများအတွက် လိုအပ်သော သွင်းအားစု၊ မျိုး၊ နည်းပညာ၊ အရင်း အနှီးများ ပံ့ပိုးနိုင်ရန်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း” အသင်းဥက္ကဋ္ဌ ဦးမြင့်ကြူ က ဆိုသည်။

 

အသင်းဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း က “ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိ်ုးတက်ရေးအတွက် မူဝါဒရေးဆွဲနိုင်ရန်  ဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့လိုကြောင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အပြင် ဆီထွက်သီးနှံကြိတ်ခွဲ၊ ထုတ်လုပ်တင်ပို့ရောင်းချခြင်းနှင့် ဆက်စပ်သည့် ကုမ္ပဏီကြီးများ၊  ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ၊ သွင်းအားစု လုပ်ငန်းရှင်များ၊ တောင်သူများကိုပါ ဖိတ်ကြားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း” အကြံပြု ပြောကြားသည်။

 

မြန်မာနိုင်ငံ၏ စားသုံးဆီသုံးစွဲမှုပမာဏမှာ တစ်နှစ်လျှင် မက်ထရစ်တန်ချိန် (၁ ဒသမ ၁၇ )သန်းရှိပြီး နှစ်စဉ် ပြည်ပမှ  မက်ထရစ်တန် (ဝ ဒသမ ၆၉) သန်း ဝယ်ယူရကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ပြည်ပမှ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီ၊ မုန်ညင်းဆီနှင့် သံလွင်ဆီတို့ကို ဝယ်ယူရပြီး နှစ်စဉ်တင်သွင်းနေရသည့် စားသုံးဆီပမာဏမှာ (၅၈) ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ကိုထွေး