ဗီတာမင် ဒီ နှင့် ကိုဗစ် - ၁၉

၁၈  ဇန်နဝါရီ

ဗီတာမင် သို့မဟုတ် သက်စောင့်အာဟာရဓာတ်များ

အသက်ရှင်ရပ်တည်နေနိုင်ရန်      နေ့စဉ်စားသောက်နေသော အစားအစာများတွင်ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်များနှင့် ဗီတာမင် များ အားလုံးပါဝင်နေရန် လိုအပ်သည်။ ထိုအာဟာရများ တွင် ဗီတာမင်များကို အားဆေးများဟု အများက အလွယ်တကူ ခေါ်ဝေါ်သုံးစွဲနေကြသည်။ စင်စစ် ဗီတာမင်များသည် ခွန်အားကိုဖြစ်စေသော အာဟာရများ မဟုတ်ပါချေ။

ခန္ဓာကိုယ်ဆဲလ်များ  ပုံမှန်အလုပ်လုပ်နိုင်ရန် အနည်းငယ်သောပမာဏဖြင့်   နေ့စဉ်လိုအပ်နေသောအာဟာရများ ဖြစ်ကြသည်။   လိုအပ်သည်ထက် ပိုစားသုံးပါက ဆဲလ်များအတွက် ပို၍အကျိုးမရှိရုံမက ပုံမှန်အလုပ်လုပ်နေသော   လုပ်ငန်းတာဝန်များကိုပင်ထိခိုက်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဆဲလ်များအလုပ်လုပ်နေပုံမှာ လက်ရှိအနေအထားနှင့် ကိုက်ညီမည့် အကောင်းဆုံး (Optimum) ပုံစံဖြင့် အလုပ်လုပ်နေကြခြင်းဖြစ်သည်။  အကောင်းဆုံးပုံစံအောက်လျော့နည်း၍ ဖြစ်စေ၊   အကောင်းဆုံးပုံစံထက်ကျော်လွန်၍ဖြစ်စေ အလုပ်လုပ်ကြလျှင်  ခန္ဓာကိုယ်အတွက် အကျိုးယုတ်စေပြီး ရောဂါတစ်မျိုးမျိုး ဖြစ်ပေါ်လာနိုင်စေသည်။ ဥပမာအားဖြင့် ဗီတာမင် ‘အေ’ သည် အမြင်အာရုံ ကြည်လင်စေရန် လိုအပ်သောဗီတာမင်ဖြစ်ပြီး ချို့တဲ့လျှင် ‘ကြက်မျက်သင့်’ ‌ရောဂါ ဖြစ်လာနိုင်သည်။ လိုအပ်သည်ထက်ပိုစားလျှင် စူပါမင်းကဲ့သို့ အမြင်အာရုံမျိုး ရရှိမလာဘဲ ဗီတာမင် ‘အေ’ အဆိပ်သင့်သောရောဂါ  ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ဗီတာမင်များသည် အားဆေးများ မဟုတ်ကြပါ။ လိုအပ်သည်ထက် ပိုမိုသောက်သုံးရန် မသင့်တော်ကြပါ။

ခန္ဓာကိုယ်၏ ဆဲလ်များက မတည်ဆောက်နိုင်သဖြင့် နေ့စဉ်စားသောက်သော အစားအစာထဲတွင် မရှိမဖြစ် ပါဝင်ရန် လိုအပ်နေသော ဗီတာမင်များသည် ဆီမှာပျော် ဝင်နိုင်သော အုပ်စုနှင့် ရေမှာပျော်ဝင်နိုင်သော အုပ်စုဟူ၍ အုပ်စုနှစ်စုရှိကြသည်။    ‌ဗီတာမင် ‘ဒီ’ သည် ဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်ဖြစ်သည်။ ထိုဗီတာမင်၏ ထူးခြားချက်မှာ အရေပြားကို နေရောင်ခြည် လာရောက်ထိတွေ့လျှင် ခန္ဓာကိုယ်၏ဆဲလ်များက တည်ဆောက်ယူနိုင်ခြင်း ဖြစ်သည်။

နေရောင်ခြည်မှတစ်ဆင့် ရရှိနေသော ဗီတာမင် ‘ဒီ’

အရေပြားတွင်ရှိသော အဆီတစ်မျိုး (7-dehydro-cholesterol) သည် နေရောင်ခြည်နှင့် ထိတွေ့လျှင် ဗီတာမင် ‘ဒီ’ ဖြစ်မည့် မော်လီကျူး (vitamin D3) အဖြစ် ပြောင်းလဲသွားပြီး   သွေးထဲသို့  ရောက်ရှိသွားသည်။ ဆက်လက်၍ အသည်းနှင့် ကျောက်ကပ်တို့ကို ဖြတ်သန်းသွားစဉ် အဆင့်ဆင့် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ဗီတာမင် ‘ဒီ’ (1, 25 DHCC) ဖြစ်လာသည်။ အစားအစာ တွင် ပါဝင်သော vitamin D3 နှင့် သောက်ဆေး vitamin D3 တို့သည် အသည်းသို့ တိုက်ရိုက်ရောက်ရှိသွားပြီး ကျောက်ကပ်ကို  ထပ်မံဖြတ်သန်း၍ ဗီတာမင်  ‘ဒီ’ ဖြစ်လာ ကြသည်။

ဗီတာမင် ‘ဒီ’ ကို ခန္ဓာကိုယ်ဆဲလ်များက တည်ဆောက် နိုင်ခြင်းသည် သဘာဝက ပေးထားသော လက်ဆောင် တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်  အစားအစာ များရရှိသော ဗီတာမင် ‘ဒီ’ သည် တစ်နေ့တာ လိုအပ်ချက် ဖြစ်သော 400 - 600 IU ၏ ၂၀ ရာနှုန်းကိုသာ ဖြည့်ဆည်း ပေးနိုင်သောကြောင့်ဖြစ်သည်။ ဗီတာမင် ‘ဒီ’ ကြွယ်ဝသော အစားအစာများမှာ အဆီများသောငါးများ  (ငါးမြင်း၊ ငါးသလောက်)၊ ပုစွန်ဆီ၊ အမဲအသည်း၊ ကြက်ဥ၊ ဘဲဥ၊ နို့နှင့် နို့ထွက်ပစ္စည်းနှင့်   ကောက်ရိုးမှိုတို့    ဖြစ်ကြသည်။ ကောက်ရိုးမှို ငါးကျပ်သားတွင် ဗီတာမင် ‘ဒီ’  71 IU ၊ ကြက်ဥတစ်လုံးတွင် ဗီတာမင် ‘ဒီ’ 21 IU ၊ ပုစွန်ငါးကျပ်သားတွင် ဗီတာမင် ‘ဒီ’ 129 IU တို့ပါဝင်ကြပြီး အဆီများသောငါး  ငါးကျပ်သားတွင် ဗီတာမင် ‘ဒီ’ 200 IU ပါဝင်သည်။ ထို့ကြောင့် အစားအစာများသည် နေ့စဉ် ဗီတာမင် ‘ဒီ’ လိုအပ်ချက်ကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ကြချေ။

သို့သော် တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် တစ်ပတ်လျှင် သုံးကြိမ် နံနက် ၁၀ နာရီမတိုင်မီ (နေရောင်ထဲတွင် ခရမ်းလွန်ရောင်ခြည်ပမာဏ မြင့်တက်မလာမီအချိန်) နေရောင်ခြည်နှင့် ထိတွေ့ပေးခြင်းသည် လိုအပ်ချက်၏ ၈၀ ရာနှုန်းကို ရရှိနိုင်သည်။ ဖြည့်စွက်သောက်သုံးမည်ဆိုပါက ဗီတာမင် ‘ဒီ’ ဆေးတောင့် (1000 IU) တစ်နေ့တစ်တောင့် သို့မဟုတ် ငါးကြီးဆီနှစ်လုံး (400 IU) တစ်နေ့နှစ်ကြိမ် သောက်နိုင်သည်။

အရိုးနှင့် သွားများအတွက် ဗီတာမင် ‘ဒီ’

ဗီတာမင် ‘ဒီ’ ၏ အဓိကလုပ်ငန်းတာဝန်မှာ အရိုးနှင့် သွားများကို ဖွံ့ဖြိုးစေခြင်း၊ သန်မာစေခြင်း ဖြစ်သည်။ ထိုသို့လုပ်နိုင်ရန် ဗီတာမင် ‘ဒီ’ သည် အစားအစာများအတွင်း ပါဝင်လာသော ကယ်လ်ဆီယမ်ဓာတ်ကို သွေးထဲသို့ရောက် အောင် စုပ်ယူပေးခြင်းနှင့် သွေးထဲရောက်ရှိလာသော ထိုဓာတ်ကို ဆီးထဲတွင်ပါမသွားရန် တားဆီးထားခြင်းဖြစ် သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အရိုးနှင့်သွားများ ဖွံ့ဖြိုးရန်၊ သန်မာရန် လိုအပ်သော ကယ်လ်ဆီယမ် ပမာဏကို သွေးထဲ တွင် အမြဲတမ်း အလုံအလောက်ရှိနေရန် ဖန်တီးပေးထား သည်။ ဗီတာမင် ‘ဒီ’ တွင် အခြားအာနိသင်များလည်း ရှိကြောင်း ထပ်မံတွေ့ရှိခဲ့ကြပြီး အတည်ပြုရန် လိုအပ်နေသော်လည်း ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိစေသော အာနိသင်များ ဖြစ်ကြသည်။

ဗီတာမင် ‘ဒီ’ သည် ရာသီတုပ်‌ကွေးနှင့် အသက်ရှူလမ်း ကြောင်း အပေါ်ပိုင်းတွင် ဖြစ်ပေါ်သော အဆုတ်အအေးမိ ရောဂါကို ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိချက်များအားပြန်လည်သုံးသပ်ထားသော သုံးသပ်ချက်ကို ၂၀၁၈ ခုနှစ်တွင် တင်ပြထားသည်။    ဤသို့ကာကွယ်နိုင်စွမ်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည့်အပြင် ဗီတာမင် ‘ဒီ’ ပြည့်ဝစွာ စားသုံးထားသော ကိုယ်ဝန်ဆောင်မိခင်က မွေးဖွားသော ကလေးများတွင် တွေ့ရှိရသည်။

ဗီတာမင် ‘ဒီ’ သည် ခန္ဓာကိုယ်၏ ခုခံစွမ်းအားကို အားပြည့်စေကြောင်းလည်း တွေ့ရှိရသည်။ ခုခံအားစနစ်ကို ဆောင်ရွက်နေသောဆဲလ်များက ရောဂါပိုးများကို ခုခံတိုက်ဖျက်စဉ် ဗီတာမင် ‘ဒီ’ ကို အသုံးပြုနေကြကြောင်း တွေ့ရှိကြသည်။ ဗီတာမင် ‘ဒီ’ ချို့တဲ့သူများသည် ရောဂါပိုးများ ကူးစက်ခံရလွယ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဗီတာမင် ‘ဒီ’ သည် ခန္ဓာကိုယ်၏ဆဲလ်များ အသစ်အဟောင်းပြောင်းလဲသည့်ကိစ္စ (Cell Turnover)တွင်လည်း ပါဝင်နေကြသည်။ ထို့ကြောင့် ဗီတာမင် ‘ဒီ’ ပြည့်ဝနေလျှင် ခန္ဓာကိုယ်၏ဆဲလ်များ အသစ်အဟောင်း ပြောင်းလဲသည့် ကိစ္စဖောက်ပြန်၍ ဖြစ်ပေါ်လာသော ကင်ဆာရောဂါဖြစ်နိုင်ခြေ  လျော့နည်းနိုင်သည်ဟု  ယူဆလာခဲ့ကြသည်။

ဖော်ပြပါ အာနိသင်များ ထပ်မံတွေ့ရှိကြသော်လည်း ဗီတာမင် ‘ဒီ’ ကို သက်စောင့်ဓာတ်အဆင့်မှ အစွမ်းထက်သော ဆေးဝါးတစ်ခုအဖြစ် သတ်မှတ်ရန် လုံလောက်သောအချက်များ မဟုတ်သေးကြောင်း  ထောက်ပြကြသည်။ သို့သော် ဗီတာမင် ‘ဒီ’ ချို့တဲ့မှုမရှိရန်၊ ဂရုစိုက်ရန် လိုအပ်ကြောင်းကို ဖော်ပြနေကြသည်။ ထိုတွေ့ရှိချက်များကြောင့်လည်း ယခု ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသောကာလတွင် ဗီတာမင် ‘ဒီ’ ကို ပိုမိုအာရုံစိုက်လာကြသည်။

ဗီတာမင် ‘ဒီ’ နှင့် ကိုဗစ် - ၁၉

ခုခံအားစနစ်ကို အားဖြည့်နိုင်စွမ်းနှင့် ရာသီတုပ်ကွေး၊ အဆုတ်အအေးမိခြင်းကို ကာကွယ်နိုင်စွမ်းရှိခြင်းတို့ကြောင့် ဗီတာမင် ‘ဒီ’ နှင့် ကိုဗစ် - ၁၉ ရောဂါတို့ ဆက်စပ်နေပုံကို လေ့လာခဲ့ကြသည်။ အမေရိကန်နိုင်ငံ တွင် ကိုဗစ် - ၁၉ ကူးစက်လွယ်သူများဖြစ်သော အသားမည်းနက်သူများနှင့် သက်ကြီးပိုင်းအရွယ် လူကြီးများသည်  ဗီတာမင် ‘ဒီ’ ချို့တဲ့လွယ်သူများ   ဖြစ်နေကြသည်။

ဗီတာမင် ‘ဒီ’ ချို့တဲ့သူများသည် ကိုဗစ် - ၁၉ ဖြစ်ပွားရန် နှစ်ဆပိုများသည်ဟု JAMA Network Open မှ စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ Journal of Clinical Endocrinology ၏ အောက်တိုဘာ လ ၂၇ ရက်နေ့ ဖော်ပြချက်တွင်လည်း ကိုဗစ် - ၁၉ ရောဂါ ခံစားနေသူများ၏ သွေးထဲတွင်ရှိသော ဗီတာမင် ‘ဒီ’ ပမာဏသည် ကျန်းမာနေသူများထက် လျော့နည်းနေသည်ကို တင်ပြခဲ့သည်။

သို့ရာတွင် Queen Mary University of London မှ Dr Andrian Martineau က ဖော်ပြပါ တွေ့ရှိမှုများ၏ လေ့လာမှုပုံစံ (Study Design)   သည် အကြောင်းအကျိုးဆက်စပ်မှုကို လေ့လာသော ပုံစံမဟုတ်သဖြင့် ဗီတာမင် ‘ဒီ’ ချို့တဲ့ခြင်းကြောင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားရခြင်းဖြစ်ကြောင်း အခိုင်အမာကောက်ချက်မချနိုင်ကြောင်း ထောက်ပြခဲ့သည်။ အပြန်အလှန်အားဖြင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် ဗီတာမင် ‘ဒီ’ ချို့တဲ့သွား ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ယခုအချိန်အထိ လက်ခံထားကြသည်မှာ ဗီတာမင် ‘ဒီ’ နှင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုတို့ ဆက်စပ်နေကြသော်လည်း ဗီတာမင် ‘ဒီ’ သည် ကိုဗစ်-၁၉  ရောဂါကို ကာကွယ်နိုင်စွမ်းရှိသည်ဟု သေချာစွာ ယူဆ၍ မရသေးပါဟု ဖြစ်သည်။

မျှဝေလိုသည်မှာ

ဗီတာမင် ‘ဒီ’ ချို့တဲ့မှုမရှိအောင် စားသောက် နေထိုင်ခြင်းသည် ယနေ့ ကိုဗစ်ကာလတွင် လိုအပ်သော ကိစ္စတစ်ခု ဖြစ်လာသည်။ ဗီတာမင် ‘ဒီ’ ကြွယ်ဝသော ငါးမြင်း၊ ငါးသလောက်နှင့် ပုစွန်ဆီတို့မှာ အလွယ်တကူ လက်လှမ်းမမီနိုင်သော်လည်း ကြက်ဥ၊ ဘဲဥ၊ အမဲအသည်း၊ ပုစွန်၊  နွားနို့နှင့် မှိုတို့သည် ဂရုစိုက်ထည့်သွင်း စားသောက်ရမည့် ဟင်းလျာများဖြစ်လာသည်။

ထိုသို့ ဂရုတစိုက် စားသောက်ခြင်းအပြင် တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် တစ်ပတ်လျှင် သုံးကြိမ် နေ‌ရောင်ခြည်နှင့် ထိတွေ့စေခြင်းသည် လိုအပ်သော ဗီတာမင် ‘ဒီ’ ကို ပြည့်ဝစွာရရှိမည်ဖြစ်သည်။ ဗီတာမင် ‘ဒီ’ အားဖြည့်ဆေးသောက်မည်ဆိုပါက vitamin D3 1000 IU တစ်နေ့လျှင် တစ်ကြိမ် (သို့မဟုတ်) ငါးကြီးဆီ နှစ်လုံး တစ်နေ့ နှစ်ကြိမ် သောက်နိုင်သည်။ ( vitamin D3 တစ်နေ့လျှင် 4000 IU နှင့် ငါးကြီးဆီ တစ်နေ့လျှင် 3000 mg ထက် ပိုမစားသင့်ပေ)

အရေးကြီးသောအချက်မှာ ကိုဗစ်-၁၉ ရောဂါကို ထိရာက်စွာကာကွယ်နိုင်သည်မှာ ဗီတာမင် ‘ဒီ’ မဟုတ်ဘဲ ကျမ်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက်များသာဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

ပါမောက္ခ ဒေါက်တာမောင်