အထက်ပေါင်းလောင်း ဒေသတွင် စီးပွားဖြစ် ကော်ဖီစိုက်နိုင်ရန် ငွေကြေးနှင့် နည်းပညာများ ထောက်ပံ့ပေးမည်

mdn

၁၅ ဇွန်

 

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားအရှေ့ဘက်ခြမ်းရှိ အထက်ပေါင်းလောင်းဒေသတွင် မြေပြန့်ကော်ဖီများကို စီးပွားဖြစ်စိုက်ပျိုးနိုင်ရန် လိုအပ်လျက်ရှိသည့် နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို ကူညီနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေပြန့်ကော်ဖီပင် ကူညီရေးကွန်ရက်မှ သိရသည်။



“ အထက်ပေါင်းလောင်း ဒေသမှာ မြေပြန့်ကော်ဖီက ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်ဘက်သွားတယ်။ ကုန်သည်အများစုက ဒါကို ဒေသထွက်တံဆိပ်နဲ့ ပါကင်ထုတ်ပိုးပြီးတော့ မြို့ကြီးတွေက ဈေးဝယ်စင်တာ တွေ ပို့ကြတယ်။ စင်တာမှာဆိုရင်လည်း ကော်ဖီကြိုက်တဲ့သူ အများစုက တောင်ပေါ်နဲ့ မြေပြန့်ထွက် အမှတ်တံဆိပ်ကြည့်ပြီးတော့ ရွေးချယ်ဝယ်ယူသုံးစွဲကြတော့ ဒေသခံတွေအတွက်လည်း အပိုဝင်ငွေ ရရှိတယ်။ ဒါကလည်း တပိုင်တနိုင်ပဲ ဖြစ်နေတော့ တခြားသီးနှံတွေ စိုက်တာထက် နှစ်ရှည်လိုမျိုး အပင်စိုက်တာ ပိုသင့်လျော်တယ်။ နောက်ဈေးကွက်ပိုင်း ချိတ်နိုင်အောင် ဈေးရရှိဖို့နဲ့ လိုအပ်တဲ့ငွေကြေး အကူအညီကို အခုနှစ်တွင်း စစ်တမ်းလိုက်မေးပြီးတော့ ၂၀၁၉ ခုနှစ် အစပိုင်းလောက် ချေးငွေသဘောမျိုးပေးနိုင်အောင် လုပ်ဖို့ရှိတယ်။ ဒီလိုလုပ်နိုင်ဖို့တော့ သက်ဆိုင်ရာနဲ့ ချိတ်ဆက်သွားမယ်။ လောလောဆယ် အဆင့်ကတော့ စီမံချက်ရေးဆွဲနိုင်ဖို့ လုပ်မယ်” ဟု ယင်းကွန်ရက်ဝင် ဈေးကွက်မန်နေဂျာ ဦးမြတ်ထူးက ပြောသည်။



ပေါင်းလောင်းဒေသသည် ပင်လယ်ရေ မျက်နှာပြင်ထက် ပေ ၃,ဝ၀ဝ အတွင်း တည်ရှိပြီး မြေနိမ့်နှင့် ကုန်းမြင့်ဒေသ ကော်ဖီများ စိုက်ပျိုးလျက်ရှိကာ ဒေသခံ ၈၀ ရာခိုင်နှုန်းကျော်မှာ တပိုင်တနိုင် စိုက်ခင်းများဖြင့်သာ လုပ်ကိုင်လျက်ရှိနေခြင်းကြောင့် စီးပွားဖြစ်လုပ်ကိုင်နိုင်ရန် ကူညီဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြေပြန့်ကော်ဖီ တိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးမြင့်ဦး က“ ပျဉ်းမနား မြေပြန့်ကော်ဖီစိုက်ခင်းတွေအနေနဲ့ သေသေချာချာစီးပွားဖြစ်လုပ်တာ မရှိသေးဘူး။ စိုက်တဲ့သူအတွက်လည်း ဈေးကွက်လည်း ကောင်းကောင်း မရှိဘူး။ ဈေးကွက် ချိတ်ဆက်နိုင်ဖို့ မျိုးကောင်းမျိုးသန့် ရှိဖို့လိုတယ်။ တိုးချဲ့စိုက်နိုင်ဖို့ အစိုးရက ကူညီပေးဖို့လည်း ရှိတယ်” ဟု ပြောသည်။

အဆိုပါဒေသတွင် ကော်ဖီ၊ လက်ဖက်၊ သစ်သီးစိုများနှင့် ဟင်းသီးဟင်းရွက်များကို တောင်ယာခင်းများဖြင့် စီးပွားဖြစ် ထုတ်လုပ်မှု အားနည်းနေပြီး ၊ စိုက်ပျိုးတောင်သူအများစုမှ လက်ဖက်သီးနှံကိုပါ ဦးစားပေးစိုက်ပျိုးထားကြကြောင်း သိရသည်။

 

ဇာလင်းသူ(AMIA)/ ဓာတ်ပုံ- ကေဇူး(AMIA)