အုတ်ဖို ၁၂ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့ပေါ်(၆)ရပ်ကွက်ရှိ အသက်(၈၈)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပူဇော်ကန်တော့ခြင်း အခမ်းအနားကို ဧပြီလ ၁၁ နေ့နံနက် ၇ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အဘိုးအဘွားတို့အား သုံးထပ်ဘုန်းတော်ကြီးကျောင်း ဥပထမ္ဘကအဖွဲ့ဝင် ဦးဝင်း ဦးဆောင်၍ ပူဇော်ကန်တော့သည်။ ဆက်လက်၍ ပူဇော်ကန်တော့သည့် ပစ္စည်းများအား ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အခမ်းအနားတက်ရောက်လာသည့် ဘိုးဘွားများလက်ဝယ်သို့လှူဒါန်းပြီး အခမ်းအနားမတက်ရောက်နိုင်သည့် ဘိုးဘွားများအတွက် ပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် လှူဒါန်းခဲ့သည်။ ထို့နောက် သက်ကြီးဘိုးဘွားနှစ်ဦးမှ ဆုံးမသြဝါဒနှင့် ကျေးဇူးတင်စကား ပြောကြားသည်။ မြို့နယ်အစီစဉ်ဖြင့် သက်ကြီးဘိုးဘွားများအား (၁)ဦးလျှင် (၂၀ဝ၀ဝ)ကျပ်၊ ဆီ(၁)ဘူးနှင့် လူမှုရေးအသင်းအဖွဲ့များက ငှက်သိုက်နှင့် မျက်နှာသုတ်ပဝါများကို ဘိုးဘွား(၅၄)ဦး အတွက် လှူဒါန်းခဲ့ကြောင်းနှင့် ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူဆွေ


