အသက် ၁၀၀ နီးပါးရှိပြီဖြစ်သည့် အနုပညာသမားတစ်ဦး၏ ကြိုးပမ်းမှု သို့မဟုတ် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြုသီချင်းရေးဖွဲ့နေသည့် စည်သူ ဒေါက်တာ ဗိုလ်ကလေးတင့်အောင်

တွေ့ဆုံမေးမြန်း - ရီရီမြင့်

 

မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကို ကျင်းပရာတွင် အလွန်အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ရှိပါသည်။ ထိုလုပ်ငန်းစဉ်ကား မြန်မာ့ရုပ်ရှင် ရာပြည့် ဂုဏ်ပြုသီချင်းဖြစ်ပါသည်။ ထိုဂုဏ်ပြုသီချင်းကို ယခုရေးစပ်နေသူကား မြန်မာ့ရုပ်ရှင် တစ်သက်တာဆုရှင် ဘဘ စည်သူဒေါက်တာဗိုလ်ကလေးတင့်အောင်။ ဆိုရလျှင် ဘဘနှင့် မြန်မာ့ရုပ်ရှင်သက်တမ်းက မတိမ်းမယိမ်းမျှသာ။ ဘဘ စည်သူဒေါက်တာ ဗိုလ်ကလေးတင့်အောင်သည် ယခုအသက်အားဖြင့် ၉၈ နှစ် ရှိပြီဖြစ်သည်။


မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြုသီချင်းရေးစပ်နေသူ ဘဘ စည်သူ ဒေါက်တာ ဗိုလ်ကလေးတင့်အောင်က “အသက် ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ လူတစ် ယောက်ရဲ့၊ အနုပညာသမားရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်”ဟု ဆိုပါသည်။


မြန်မာ့ရုပ်ရှင်ရာပြည့်ဂုဏ်ပြုသီချင်း ရေးစပ်သီကုံးဖွဲ့ဆိုနေသူ ဘဘ စည်သူ ဒေါက်တာဗိုလ်ကလေးတင့်အောင်နှင့် မြန်မာ့သတင်းစဉ်က တွေ့ဆုံ မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။


သီတင်းတစ်ပုဒ်ရေးမယ်ဆိုရင်
“သီတင်းတစ်ပုဒ်ရေးမယ်ဆိုရင် အကျိုးအကြောင်းညီညွတ်ဖို့လိုပါ တယ်။ ဘဘ သီချင်းရေးလာတာ နှစ်ပေါင်းလည်း ကြာခဲ့ပြီ။ ကိုယ်ရေးတဲ့ သီချင်းလေးကို တည်တည်တံ့တံ့နဲ့ ခိုင်မြဲစေချင်တယ်။ ဒါကြောင့် ဂရုတစိုက်နဲ့ အထားအသို၊ အနေအထိုင်တွေ အကုန်လုံးမှန်ကန်အောင် ကာရန်တွေ၊ အက္ခရာတွေ ပြည့်စုံအောင် ရေးသားတဲ့နေရာမှာ သတိ အမြဲထားရတယ်။ သီချင်းရေးခဲ့တာလည်း ကြာပြီ။ အကြောင်းအရာ လည်း စုံပြီ။ အဲဒီနေရာမှာ သူ့နေရာနဲ့သူ အံကျခွင်ကျဖြစ်ဖို့လိုတယ်။ ရုပ်ရှင် ဆိုရင် ရုပ်ရှင်ဘ၀၊ ပြဇာတ်ဆိုရင် ပြဇာတ်ရဲ့ အခြေအနေ အကုန်လုံးဟာ သူ့ဘဝနဲ့သူ ရှိပြီးသား။ အဲဒါကို ဖော်ပေးဖို့က သီချင်းရေးဆရာတွေရဲ့ တာဝန်ပါ။


အသံစုံသွင်းခေတ်
“ဒီတော့ တို့ရုပ်ရှင် နှစ် ၁၀၀ ပြည့်တယ်ဆိုတာ လွယ်လွယ်လေး မဟုတ် ပါဘူး။ ကြိုးစားပမ်းစား လူကြီးတွေရင်းနှီးခဲ့ရတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု၊ အဲဒီရုပ်ရှင် နှစ် ၁၀၀ မှာ နှစ်အပိုင်းအခြားတွေ ကြည့်လိုက်ရင် ရုပ်ရှင်ခေတ်ဆို တာဟာ အဖြူအမည်း၊ အသံတိတ်ခေတ်၊ အဲဒီကနေပြီး တီးလုံးနဲ့ တီးဝိုင်းနဲ့ ပရိသတ်နဲ့ရောပြီးတော့ ကြည့်ခဲ့ရတဲ့ အခြေအနေက ရုန်းထွက်လို့၊ တကယ့် တီးဝိုင်းကို သီးခြားသွင်း၊ အသံကို တစ်ခါ၊ အရုပ်ကို တစ်ခါထည့်၊ အဲဒီလို ပူးပေါင်းတဲ့နည်းနဲ့ တီးဝိုင်းမပါတော့ဘဲနဲ့ ရုန်းကန်ရတဲ့ ဘ၀ရောက်ခဲ့တယ်။ ဒါ အသံစုံသွင်းခေတ်လို့ခေါ်တယ်။


ဆေးရောင်စုံခေတ်
အဲဒီခေတ်ပြီးပြန်တော့ အဖြူအမည်းနဲ့ သံစုံသွင်းကနေပြီးတော့ ဆေးရောင်စုံခေတ် ဖြစ်လာအောင် ကြိုးစားကြရပြန်တယ်။ ဆေးရောင်စုံ ခေတ်ကနေ မျက်စိရဲ့ အနေအထားလေးတွေ ပြည့်စုံမှန်ကန်အောင် မြင်ကွင်း တွေ ချဲ့လိုက်တယ်။ ဒါဟာ ရုပ်ရှင်တာဝန်ကို ထမ်းနေကြတဲ့ လူသားတွေရဲ့ ကြိုးစားမှုပဲ။ အဲဒီလိုလုပ်ခဲ့ကြတဲ့ သမိုင်းကိုပါမှသာ ရုပ်ရှင် နှစ် ၁၀၀ အဓိပ္ပာယ်ရှိမယ်လို့ ထင်တယ်။ ဒါကြောင့် အဲဒါတွေ ရေးလာခဲ့ပါတယ်။
“ … သရုပ်မြင်ခေတ်အခါမှာ အဟုတ်ပင်ဖြစ်လာတာ၊ ရုပ်ရှင်ခေတ် နှစ်ပေါင်း ၁၀၀၊ အမျိုးသားမြန်မာ ကြိုးစားလာတာ ရိုးသားစွာပါ အသံတိတ်ခေတ်အခါ စာတန်းထိုးတစ်မျိုး တစ်ဘာသာ၊ ပြည်သူ့ရင်ထဲ စွဲဝင်စေခဲ့တာ ….” ။ အဲဒီအသံတိတ် ခေတ်တုန်းက တီးဝိုင်းက တီးပေး၊ အဓိပ္ပါယ်ကို စာတန်းလေးနဲ့ဖော်ပြ၊ ပရိသတ်က စာလေးတွေဖတ်၊ ဒီနေ့ည ဘာတွေတွေ့မလဲ၊ အကြောင်းတွေ ဘာတွေပါလိမ့်မယ်၊ ရှင်းသွားတာပေါ့။ အဲဒီလို ပရိသတ်နားလည်အောင် စကားနဲ့ မပြောနိုင်ခင် စာတန်းထိုးတဲ့ ခေတ်ကို ရုန်းကန်ခဲ့ရတယ်။


တေးသံစုံခေတ်
အဲဒါပြီးတော့မှ “ …အရုပ်နဲ့ တေးသံ မနှေးအမြန် ဂုဏ်ဖြာ၊ တေးသံစုံ ခေတ် အသစ် ပေါ်လာ၊ ရှုချင်စရာ အနုပညာ ရုပ်ရှင်ဂီတညီမျှ လွန်သာယာ …” အဲဒီရုပ်ရှင်ကို ဂီတသံလေးပေါင်းပြီးတော့ အသံထွက်မပေါ်ခင်မှာ သံစုံတေး ခေတ် ဖြစ်လာအောင် တစ်ခါ လုပ်ရပြန်ပါတယ်။


“ ….တေးသံစုံခေတ် ပြကွက်၊ အသံတိတ်မှ အသံထွက်ရန် တီထွင်ကြပြန် ကာ၊ ငွေပေးလို့မရ ဇာတ်ကားမှစတာ၊ ရုပ်ရှင်ခေတ်ပြောင်း အဟောင်းစွန့်ခွာ ရဲရဲရင့်ရင့် ပွဲလယ်တင့်စေတာ ….” အသံထွက်ဖို့ဖြစ်လာပြီ၊ တီထွင်လိုက်တဲ့ အခါမှာ ငွေပေးလို့မရဆိုတဲ့ ဇာတ်ကားကစပြီးတော့ အသံထွက် ရုပ်ရှင်ကား ဖြစ်လာတယ်။


ဒစ်ဂျစ်တယ်ခေတ်
“ ….အသံထွက်ခေတ်ပြကွက် မနှေးပေါင်ဂုဏ်အသစ်လာ၊ ဆေးရောင်စုံ ခေတ်အခါ ဖြူနီပြာဝါ အဆင်အသွေးတို့၊ ယဉ်ကျေးလှစွာ ကြားရတာ နားဝမှာ ချိုသာ၊ လေးဖက်သံကြား ဆိုတာများထွင်လာ ….” အဲဒီမျက်လုံးကစပြီး ရောင်စုံတွေခေတ်နဲ့ ထွင်လာသလိုပဲ နားမှာကြားရတာလည်း ပြည့်စုံအောင် ဆိုပြီး အပေါ်အောက် အဝေးအနီး ကောင်းအောင် လေးဖက်သံကြားခေတ်ကို လည်း တစ်ခါထွင်ရပြန်တယ်။ အဲဒီ ဖလင်ခေတ်ကြီးပြီးတဲ့နောက်မှာ အခု နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်ခေတ် ရောက်လာတယ်။ ဒစ်ဂျစ်တယ်ဆိုတဲ့ အင်္ဂလိပ်စာလုံးကို မြန်မာမှုပြုပြီး တို့တွေကအားလုံးနားလည်ကြပြီ။ ဒီခေတ် မှာတော့ ရုပ်ရှင်သားတို့ အစွမ်းရှိသမျှ လုပ်ကြစမ်းဆိုပြီး ဖော်ပြသလိုပဲ အင်မတန်အင်အားပြည့်တဲ့ နည်းစနစ်တစ်ခုလို့ ခေါ်ရမယ်။ ဒါကို တို့တွေ ရောက်ကြပြီ။

 


အဓိပ္ပာယ်ပြည့်ဝတဲ့ ရုပ်ရှင် နှစ် ၁၀၀ ပွဲတော်ကြီး

“နှစ် ၁၀၀ အတွင်းမှာ အဲဒီလို အဆင့်ဆင့် အဆင့်ဆင့်တက်လာတဲ့ တို့ရဲ့ ကြိုးစားမှု၊ ရုပ်ရှင်သမားတွေရဲ့ခွန်အား၊ ပြည်သူတွေရဲ့အားပေးမှု၊ အဲဒါတွေ စုပေါင်းလိုက်တဲ့အတွက် အင်မတန်အဓိပ္ပာယ် ပြည့်ဝတဲ့ ရုပ်ရှင် နှစ် ၁၀၀ ပွဲတော်ကြီး ဖြစ်လာတယ်။ ဒီလို ပြည့်စုံအောင်ဖြစ်စေချင်လွန်းလို့ ဘဘ ကိုယ်တိုင် အခု ၉၈ နှစ်ရှိပြီ၊ အသိလေးကောင်းတုန်း၊ ဉာဏ်လေး ပျောက်ကွယ် မသွားခင် ကြိုးစားပြီး မှတ်သားပြီး ရေးရတာပါ။ အထူးသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနဆိုတဲ့ လူထုအသိပညာပေး ဌာနကြီးကနေပြီး ဘဘတို့ရဲ့ အသက် အရွယ်ကြီးရင့်သည့်တိုင်အောင် အားခွန်မလျှော့ဘဲနဲ့ ကြိုးစားတတ်တဲ့ အနု ပညာသည်တွေရဲ့ သဘော၊ အနုပညာရဲ့သတ္တိ၊ အနုပညာရဲ့ ဇွဲ၊ အဲဒါတွေကို ဖော်ပြစေချင်တယ်။


“အနုပညာသမားတွေဟာ ချမ်းသာမှုမရှိပါဘူး။ ခန္ဓာကိုယ်ပြည့်စုံအောင် စားရရင်တော်ပြီ။ ကိုယ်လုပ်ချင်တာလေး၊ ကိုယ်ဖော်ပြချင်တာလေး ပြည်သူ သိသင့်သိထိုက်တာလေးရှိနေအောင် ကိုယ်က ဖန်တီးနိုင်ရင် တော်ပြီဆိုတဲ့စိတ် ဘဘတို့မှာ အမြဲရှိပါတယ်။ ဒါကြောင့် အသက် ၁၀၀ နီးပါးဖြစ်လာတဲ့ လူတစ် ယောက်ရဲ့၊ အနုပညာသမားရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်”။