အမေရိကန်အပါအဝင် နိုင်ငံ(၁၀)နိုင်ငံသို့ မြန်မာ့ပုစွန်တင်ပို့မည်

mdn

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကြပ်မတ်သည့် အမေရိကန် အပါအဝင် သြစတြေးလျနှင့် တရုတ် (တိုင်ပေ) တို့သို့ မြန်မာ့ပုစွန်များ ပြည်ပတင်ပို့နေရပြီး အခြားနိုင်ငံများကလည်း ဝယ်လိုအားကောင်းလာကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

 

‘‘ ဂျပန်အပါအဝင်၊ ဥရောပနဲ့ တရုတ်ဘက်က ဝယ်လိုအား ကောင်းလာတယ်၊ ရေထွက်ပစ္စည်း အများဆုံးတင်သွင်းတဲ့ နိုင်ငံတွေဖြစ်လို့ တန်းဖိုးမြှင့်ထုတ်ပြီး ပို့နိုင်ဖို့ ရေရှည်နည်းလမ်းပေါ့၊ မြန်မာနိုင်ငံ ထုတ်တံဆိပ်တွေ (Made in Myanmar) ကပ်နိုင်ဖို့လည်း ဆောင်ရွက်နေတယ်’’ ဟု ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

 

မြန်မာ့ပုစွန်ကို ပြည်ပနိုင်ငံများက ကြိုက်နှစ်သက်၍ တင်ပို့မှုတိုးတက်လာကြောင်း၊ ပြည်တွင်းမှာလည်း စားသုံးမှု တိုးတက်လာကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် တောင်ပေါ် ဒေသများသို့ ၄၈ နာရီအတွင်း ဖြန့်ဖြူး ပေးလာနိုင်ကြောင်း သိရသည်။

 

‘‘အမေရိကန်လိုနိုင်ငံကို ရေထွက်ပစ္စည်းတွေ ပို့မယ်ဆိုရင် သန့်ရှင်းလတ်ဆတ်မှု၊ ထုပ်ပိုးစနစ်ကအစ ဂရုပြုရတယ်၊ ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်ရှိမှုတွေ၊ ထုပ်ပိုးမှုနည်းစနစ် မမှန်ကန်တာတွေ၊ ခေတ်မီတဲ့ ထုပ်ပိုးမှုနည်းစနစ်နဲ့ ထုပ်ပိုးခြင်း မပြုတာတွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး စံချိန်စံညွှန်းမမီလို့ ရေထွက်ပို့ကုန်အချို့ ကိုယ့်နိုင်ငံကို ပြန်ပို့ခံရတာတွေလည်း ရှိနေတယ်၊ ဒါပေမယ့် ဈေးနှုန်းရရှိမှုကပိုတော့ ကိုယ့်ဘက်ကလည်း ဂရုပြုရတာပေါ့၊ အမေရိကန်ကိုပို့တဲ့ ရေထွက်ကုန်တွေထဲမှာ ငါးနဲ့ ပုစွန်က အများဆုံးဖြစ်တယ်၊ ပုစွန်တင်ပို့မှုကနေ တစ်နှစ်ကို ကန်ဒေါ်လာ နှစ်သန်း နီးပါးအထိ ရလာတယ်’’ ဟု ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဒေါက်တာ သောင်းမြတ် က ပြောသည်။

 

မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ဆန်၊ ပဲအမျိုးမျိုး၊ အခြားသစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ ဖြစ်သည့် ငါးအမျိုးမျိုး၊ ပုစွန်၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာ ပုစွန် တင်ပို့ရာတွင် ပင်လယ်လိပ်များကို ထိခိုက်စေသည့် နည်းလမ်းများဖြင့် ဖမ်းယူထားသော ပုစွန်ရိုင်းများ တင်သွင်းခြင်းကို တားမြစ်ထားကြောင်း၊ ပုစွန် ဖမ်းဆီးသည့် နည်းလမ်းနှင့် နိုင်ငံရပ်ခြားသို့ သွားရောက် စစ်ဆေးသည့်အဖွဲ့၏ စစ်ဆေးမှု ရလဒ်များအပေါ် အခြေခံပြီးမှ ပုစွန်တင်သွင်းခွင့် လက်မှတ်ကို ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

 

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ၏ ရေထွက် ကုန်စည်များအပေါ် အမေရိကန်နိုင်ငံမှ ငြင်းပယ်ခဲ့မှုများလည်း ရှိခဲ့ကာ ကုမ္ပဏီ ၁၃ ခု၏ တင်ပို့မှုအကြိမ်အရေအတွက် ၂၇ ကြိမ်မှာ ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။

 

မြတ်သူ (AMIA)