ဇွန် ၁၄
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတရာခန်ပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မီးလောင်မှုဖြစ်ပွားသဖြင့် မီးငြှိမ်းသတ်နေသော သစ်တောအရာရှိလေးဦးသေဆုံးပြီး အခြားလေးဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။ ဉတရာခန်ပြည်နယ်မြို့တော် ဒီရာဒန်၏အရှေ့ဘက် ကီလိုမီတာ ၃၇၀ အကွာခန့်ရှိ အယ်လ်မိုရာခရိုင်ရှိ ဘင်ဆာတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သစ်တောဌာနတာဝန်ရှိသူများ၏ပြောကြားချက်အရ သစ်တောအဖွဲ့ဝင်ရှစ်ဦးသည် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ယမန်နေ့ညနေပိုင်းက ချက်ချင်းသွားရောက်ခဲ့သော်လည်း လေပြင်းများတိုက်ခတ်မှုကြောင့် တောမီးလောင်မှု ပိုမိုဆိုးရွားလာသဖြင့် သစ်တောအဖွဲ့ဝင်လေးဦးသေဆုံးပြီး အခြားလေးဦး ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူများကို လေကြောင်းဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဘင်ဆာတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ တောမီးလာင်ကျွမ်းမှုကိုလေကြောင်းတပ်ဖွဲ့အကူအညီဖြင့် ချက်ချင်းထိန်းချုပ်ရန် သစ်တောဌာနထိပ်ပိုင်းတာဝန်ရှိသူများက ညွှန်ကြားထားသည်။
ရာသီဉတုပူပြင်းခြောက်သွေ့မှုကြောင့် တောမီးလောင်ကျွမ်းမှုပြန်လည်ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ယူဆထားသည်။ လွန်ခဲ့သောလက ထိုပြည်နယ်ရှိအယ်လ်မိုရာနှင့် ဂါရှ်ဝလ်ခရိုင်တို့တွင် တောမီးလောင်ကျွမ်းမှုများကြောင်း ငါးဦးသေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို