အာခါလူမျိုးအကြောင်း သိကောင်းစရာသိကောင်းစရာ

မိုင်းနော်ရိန်း

သမိုင်းကြောင်းနှင့်ဆင်းသက်လာပုံ

အာခါလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည့် လူမျိုးအုပ်စုကြီးများအနက် တိဗက်-မြန်မာ အုပ်စုဝင် လိုလိုအုပ်စုခွဲတွင် ပါဝင်ပါသည်။ အာခါတိုင်းရင်းသားတို့၏ မူရင်းအမည်မှာ အာခါဖြစ်ပြီး ကော်ဆိုသည်မှာ အခြားတိုင်းရင်းသားများက ခေါ်ဆိုသော အမည်ဖြစ်ပါသည်။ ရှမ်းတိုင်းရင်းသားတို့က အီကောဟုခေါ်ဆိုခဲ့ကြပါသည်။ အီဆိုသည်မှာ ရှမ်းဘာသာဖြင့် မိန်းကလေး (မိန်းမ) ဟု အဓိပ္ပာယ်ရပြီး ကောဆိုသည်မှာ ဖက်သည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် အီကော ဆိုသည်မှာ မဖက်ဟု အဓိပ္ပာယ်ရှိပါသည်။ ကော်ဆိုသည့်စကားသည် အီကောနှင့် နီးစပ်သဖြင့် အာခါတိုင်းရင်းသားများ ယင်းအခေါ်ကို မကြိုက်ကြပါ။ မူရင်းဖြစ်သော အာခါကိုသာ သုံးစွဲခေါ်ဝေါ်ကြပါသည်။

ရှေးအခါက ရှမ်း၊ လားဟူနှင့် အာခါ စသည့် လူမျိုး သုံးမျိုးရှိရာ ၎ င်းတို့သုံးဦးကို ကောင်းကင်မှ ဘုရားရှင်က တရားတော်ကိုလက်ခံရန် ခေါ်ယူ၏။ ရှမ်းက ပထမဆုံး ရောက်သွားသဖြင့် ဘုရားသခင်က စာပေကိုပေး၏။ လားဟူက ဒုတိယရောက်သွားသဖြင့် ခေါပုတ်ကိုပေး၏။ အာခါက နောက်ဆုံးမှရောက်သဖြင့် သားရေပြားကိုပေး၏။ အာခါတို့ ခရီးဝေးမှ လာရောက်ရသဖြင့် နောက်ဆုံးမှ ရောက်ရှိခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ရပ်ဝေးဟူသည့်စကားကို အခါလာသဖြင့် ရော်ခါဟုခေါ်ဆိုရာမှ အာခါလူမျိုးဟု ခေါ်တွင်ခဲ့သည်ဟု အဆိုရှိပါသည်။

အာခါလူမျိုးတို့သည် လိုလိုအုပ်စုခွဲမှ ပေါက်ဖွား ဆင်းသက်လာကြပြီး မဲခေါင်မြစ်အတိုင်း တောင်ဘက်သို့ ရေကြည်ရာမြက်နုရာ နေရာသစ်ရှာဖွေရာ တရုတ်ပြည် အနောက်တောင်ဘက် ယူနန်နယ်တွင် အခြေချနေထိုင်ကာ ယူနန်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့ကြပါသည်။

 

mdn

 

ကိုးကွယ်ယုံကြည်မှု

အာခါတိုင်းရင်းသားတို့သည် ယခင်က နတ်ကိုးကွယ်သူများဖြစ်ကြသည်။ ခရစ်ယာန် သာသနာပြုများ ရောက်ရှိလာပြီး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်သူလည်း ရှိလာခဲ့သည်။

ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာအုပ်စု ဝမ်ဆန်ကျေးရွာနေ ဦးအာချိုး(ခ)ပူရှိနှင့် ဦးအားဒို(ခ)အိုက်ကျိုင်းတို့ ညီအစ်ကိုမှ ၁၉၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့မှ စတင်၍ ဗုဒ္ဓဘာသာသို့ စတင်ကိုးကွယ်လာ ကြောင်း သိရှိရသည်။ ၂၀၁၄ ခုနှစ် မတ်လတွင် နှစ် (၉၀) ပြည့်မြောက်ပြီဖြစ်ပါသဖြင့် အာခါလူမျိုးတို့ ဗုဒ္ဓဘာသာ ကိုးကွယ်ခြင်း နှစ်(၉၀) ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှစတင်၍ အာခါဗုဒ္ဓဘာသာ စောင့်ရှောက်ရေးအသင်းကိုဦးအောင်စိုး ဦးဆောင်၍ ဖွဲ့စည်းခဲ့ပါသည်။ ယခုလက်ရှိတွင် အဆိုပါအသင်း၌ ဦးအာဆို့က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀ဝ၀ ပြည့်နှစ်မှစတင်၍ ဗုဒ္ဓဘာသာခံယူပွဲ အခမ်းအနားများ ကျင်းပလျက်ရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ကက်သလစ်ခရစ်ယာန်သာသနာ ၁၉၁၁ ခုနှစ်တွင် လည်းကောင်း၊ နှစ်ခြင်းခရစ်ယာန်သာသနာသည်၁၉၀၁ ခုနှစ်တွင်လည်းကောင်း ရောက်ရှိလာသဖြင့် နတ်ကိုးကွယ်သူ အာခါ၊ လားဟူ၊ ဝတိုင်းရင်းသားများလည်း ခရစ်ယာန်ဘာသာ ဝင်များဖြစ်လာကြသည်။ အာခါရွာတစ်ရွာ ဖြစ်သော ကျိုင်းတုံရှိ ဝေါ်နိမ့်အာခါရွာသည် တစ်ရွာလုံးနီးပါး ကက်သလစ်ဘာသာဝင်များ ဖြစ်ကြပြီး ရွာစတင်တည်ထောင်ခြင်း (၇၅)နှစ်ပြည့် စိန်ရတုကို ၂၀၁၄ ခုနှစ် မေလတွင်ကျင်းပခဲ့ပါသည်။ ရွာစတင်တည်ထောင်စဉ်ကပင် ကက်သလစ်ဘာသာဝင် အာခါများ ဖြစ်ပါသည်။

အာခါတိုင်းရင်းသားများတွင် ခရစ်ယာန်သာသနာနှင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်ယုံကြည်သော်လည်း နတ်ကိုးကွယ်သူ နတ်စားအာခါများမှာ အများဆုံးဖြစ်ပါသည်။ နတ်ကိုးကွယ်သည်ဆိုရာတွင် ရွာစောင့်နတ်၊ အိမ်စောင့်နတ် စသည်တို့ကိုပူဇော်ပသခြင်း ရှိသော်လည်း အထူးသဖြင့်ဘိုးဘေးတို့၏ ဝိညာဉ်များကို ပူဇော်ပသခြင်း ဖြစ်ပါသည်။ မည်သည့်ပွဲ ကျင်းပသည်ဖြစ်စေ ဦးစွာဘိုးဘေးတို့အား ပူဇော်ပသပြီးမှကျန်သည့် ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။

အာခါတိုင်းရင်းသားတို့၏ စာပေ

အာခါတို့သည် မူရင်းကိုယ်ပိုင် စာပေမရှိကြပေ။ ၁၉၁၂ ခုနှစ်တွင် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးများ ကျိုင်းတုံဒေသသို့ ရောက်ရှိလာစဉ် အာခါလူမျိုးတို့၏ ဘာသာအသံထွက်နှင့် တူညီမည့် ရောမအက္ခရာ သင်္ကေတများဖြင့် တီထွင်ခဲ့ပါသည်။ ခရစ်ယာန်သာသနာပြုများ တီထွင်သည့် အာခါစာပေမှာ ဘာသာရေးအတွက် ရည်ရွယ်ပြီး ပုံနှိပ်သင်ကြားခဲ့သဖြင့် ဘာသာဝင်ကျောင်းသားများသာ တတ်မြောက်ပြီး အာခါအများစုမှာ တတ်မြောက်ခြင်းမရှိကြပေ။

အာခါလူမျိုးများ စာပေတတ်မြောက်သူနည်းပါးသဖြင့် ကိုယ်ပိုင်စာပေတီထွင်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် မြန်မာဗျည်းအက္ခရာကို အခြေခံပြီး တီထွင်ခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် မြန်မာဗျည်းအက္ခရာ ၂၆ လုံးကို အခြေခံသည့် အာခါစာကို လိုအပ်သည့် သရအက္ခရာများ ဖြည့်စွက်လျက် ပြန်လည်ပြင်ဆင်ခဲ့သည်။ မြန်မာနိုင်ငံရှိ အာခါလူမျိုးများမှာ ရောမ အက္ခရာ အာခါစာပေနှင့် မြန်မာအက္ခရာ အာခါစာပေ နှစ်မျိုးအသုံးပြုကြသည်။ အခြား နိုင်ငံများရှိ အာခါတို့က ရောမအက္ခရာအာခါ စာပေကို အသုံးပြုကြသည်။ ရောမအက္ခရာ အာခါစာပေတွင် ဗျည်း ၂၅ လုံးနှင့် သရ ၁၆ လုံးဖြင့် အသုံးပြုကြောင်း လေ့လာတွေ့ရှိရပါသည်။

 

mdn

 

အာခါလူမျိုး၏ တူရိယာပစ္စည်းများ

အာခါလူမျိုးတို့သည် ယခင်က အာခါတို့အသုံးပြုခဲ့သည့် တူရိယာပစ္စည်းများမှာ ဘူးသီးခြောက်တွင် အပေါက်ငါးပေါက် ဖောက်လုပ်ထားပြီး သံစဉ်အလိုက် လက်သန်း၊ လက်ဝါး အတို၊ အရှည်ထည့်ပြီး ပျားဆန်ဖြင့် အလုံပိတ်၍ မှုတ်ရသော လှာဂျေ့ (ခေါ်) ဘူးသီး ပလွေ၊ ချွေးလွေးဟုခေါ်သော ဝါးပလွေ၊ တစ်ထွာခန့် အရှည်ရှိသော ဝါးပြားကိုအလယ်တွင် ကြက်လျှာကဲ့သို့ ပြုလုပ်ထားပြီး ပါးစပ်တွင်ထည့်ကာ ပါးစပ်ဖြင့် အသံလိုသလိုမှုတ်ရသည့် ဂျားအွေ(ခေါ်) ဝါးလျှာခတ်ဂီတာ တို့ဖြစ်ပါသည်။ ထို့ပြင် သစ်ရွက်၏ တစ်ဖက်ကိုခေါက်၍ မှုတ်သည့် ဓလေ့လည်းရှိပါသည်။

ယခုခေတ်တွင် အဆိုပါတူရိယာပစ္စည်းများမှာ တီးမှုတ်တတ်သူ ရှားပါးနေပြီဖြစ်ပါသည်။ ယခုခေတ်တွင် အသုံးပြုလျက်ရှိသော အာခါတူရိယာများမှာ လင်းကွင်း၊ မောင်းနှင့်အိုးစည် စသည့် တူရိယာပစ္စည်းများမှာ မူရင်း အာခါတို့၏ တူရိယာပစ္စည်းများ မဟုတ်ဘဲနေထိုင်ရာဒေသရှိ နီးစပ်ရာ ရှမ်းလူမျိုးတို့၏ တူရိယာပစ္စည်းများကိုယူ၍ သုံးစွဲခြင်းဖြစ်ပါသည်။

အာခါလူမျိုး၏ ဝတ်စားဆင်ယင်မှု

အာခါလူမျိုးတို့သည် အဝတ်အစားကို ကိုယ်တိုင်ရက်လုပ်သောပိတ်ဖြင့် ချုပ်လေ့ရှိသည်။ ကိုယ်တိုင်ရက်လုပ်သော ပိတ်စကိုကိုယ်တိုင်ဖော်စပ်ထားသော ဆိုးဆေးဖြင့်ဆိုး၍ ကြက်ခြေခတ်ပုံသဏ္ဌာန် ပန်းပုံများကိုကိုယ်တိုင်ထိုးကာ ဝတ်ဆင်ကြသည်။ အနက်ရောင် (သို့မဟုတ်) နက်ပြာရောင် အဝတ်အစားပေါ်တွင် ပန်းထိုးထားသော အထည်များကို ချုပ်လုပ်ဝတ်ဆင်ကြသည်။ နေရာအနှံ့အပြားရှိ အာခါလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုမှာ အတူတူပင်ဖြစ်သည်။ အမျိုးသမီးများ ဆောင်းလေ့ရှိသော ခေါင်းဆောင်းသည် နေရာဒေသကိုလိုက်၍ ပြောင်းလဲခြင်းရှိသော်လည်း ဝတ်စုံမှာမူ အတူတူပင်ဖြစ်သည်။

အာခါအမျိုးသားများ၏ ဝတ်စုံသည် အပေါ်အင်္ကျီရှည်၊ ဘောင်းဘီရှည်နှင့် ခေါင်းပေါင်းတို့ပါဝင်ပါသည်။ အင်္ကျီသည်စတစ်ကော်လံပါ ရင်စေ့ခါးရှည် လက်ရှည်အင်္ကျီဖြစ်ပါသည်။ အင်္ကျီရှေ့ခြမ်းနှင့် လက်ဖျား တွင် ပန်းထိုးထားသောအစများ ကပ်ချုပ်ထား ပါသည်။ ဘောင်းဘီရှည်မှာလည်း ပေါင်မှခြေမျက်စိအထိ တစ်ဖြောင့်တည်း အပွဖြစ်သော ရှမ်းဘောင်းဘီဖြစ်ပါသည်။

ခေါင်းပေါင်းသည် အလယ်တွင် အပေါက်ပါပြီး ပတ်ပတ်လည်အစဖြင့် ပတ်ထားသော အဝိုင်းဖြစ်ပါသည်။ ခေါင်းပေါင်းပတ်ပတ်လည်တွင် ပန်းဖွားအမိတ်များကို တပ်ဆင်တီထွင်ကာ ဆောင်းကြပါသည်။ အသက်ကြီးသူ အာခါအမျိုးသားများသည် ပန်းရောင်၊ အနီရောင် စသော အစများဖြင့် ပိုးထည်ခေါင်းပေါင်းကို ပတ်ပေါင်းကြပါသည်။ အချို့လည်း ခေါင်းပေါင်းမပေါင်းကြပါ။

အာခါအမျိုးသမီး၏ ဝတ်စုံသည် ရင်ခံအင်္ကျီ၊ အပေါ်အင်္ကျီရှည်၊ ခါးပတ်၊ စကတ်၊ စကတ်ဖုံး၊ ခြေပတ်နှင့် ခေါင်းဆောင်းတို့ဖြစ်ပါသည်။ အမျိုးသမီးများသည် အတွင်းမှရင်ခံတစ်ထပ် ဝတ်ဆင်ပြီး အပေါ်မှ လက်ရှည်ခါးရှည်ဗွီပုံစံ လည်ပင်းပါသော အင်္ကျီကို ဝတ်ဆင်ကြပါသည်။ အတွင်းရင်ခံတွင်ငွေခွက်များ တွဲသီချုပ်လုပ်ထားပါသည်။ အပေါ်အင်္ကျီတွင် ပန်းထိုးထည်များကိုကပ်၍ချုပ်ထားကြပါသည်။ ၎င်းအပေါ်မှ ခါးပတ်ကိ ခါးလည်တွင် အင်္ကျီအပေါ်မှဝတ်၍ ဝတ်ဆင်ပါသည်။ ခါးပတ်တွင်လည်း ပုတီးစေ့များ၊ ခရုလုံးများ တွဲသီချုပ်လုပ်ထားပါသည်။ ငွေကြေး ချမ်းသာသူများက ငွေခါးပတ်များကိုဝတ်ဆင်ကြသည်။

ထို့နောက် အနက်ရောင် (သို့မဟုတ်) နက်ပြာရောင်စကတ်ကို ဝတ်ဆင်ကြသည်။ အာခါအမျိုးသမီးစကတ်သည် အတွန့်အခေါက်များဖြင့် ချုပ်ထားသည်။ စကတ်အပေါ်မှ ပန်းထိုးစများ ကပ်ချုပ်ထားသော ရှစ်လက်မအကျယ် အစအပေါ်တွင် ငွေခွက်များ၊ ပုတီးများ တွဲချုပ်လုပ်ကာ စကတ်အဖုံး အဖြစ် ဝတ်ဆင်ကြပါသည်။ စကတ်အောက်တွင် ခြေပတ်ကို နှစ်ဖက်စလုံး ဝတ်ဆင်ကြပါသည်။ ခြေပတ်တွင် ပန်းထိုးစများဖြင့်ကပ်ချုပ်ပြီး တွဲသီထားသော ပုတီးကုံးဖြင့်ခြေပတ်၏ထိပ်တွင် ပတ်ချည်ဝတ်ဆင်ကြပါသည်။ အာခါလူမျိုးတို့သည် ယောကျာ်းလေးရော မိန်းကလေးပါ ငယ်ရွယ်သည့်အချိန်တွင် ငွေသီးငွေခွက်များနှင့် ပန်းဖော်ထားသော ဦးထုပ်အဝိုင်းကို ဆောင်းကြပါသည်။

ခေတ်အလိုက် တီထွင်ဝတ်စားဆင်ယင်ကြသော်လည်း မူလပုံစံမှ ခွဲထွက်ကာ တီထွင်ချုပ်လုပ်ဝတ်ဆင်မှု နည်းပါးသည်ကို လေ့လာ တွေ့ရှိရပါသည်။ အရောင်သည်လည်း နက်ပြာရောင်သည် မူရင်းအာခါ ဆိုးဆေးအရောင်ဖြစ်သော်လည်း နက်ပြာရောင်နှင့် အနက်ရောင်ပါ ဝတ်ဆင်ကြပါသည်။

 

mdn

 

ပန်းထိမ်လုပ်ငန်း

အာခါလူမျိုးတို့သည် အာခါအမျိုးသမီးများ ခေါင်းဆောင်းတွင် တပ်ဆင်သည့် ငွေခွက်များကိုပြုလုပ်သည့် ပန်းထိမ်လုပ်ငန်း များစွာရှိပါသည်။ ခေါင်းဆောင်းတွင် တပ်ဆင်သည့် ငွေခွက်များကို အဓိကပြုလုပ်ပြီး ကျန်သည့်ငွေလက်ဝတ်ရတနာများကို ပြုလုပ်ကြပါသည်။ ရှေးဦးစွာ ငွေခွက်ပြုလုပ်မည့် ငွေခဲများကို ခြင်တွယ်ပြီး သံခွက်တွင်ထည့်ကာ မီးကျိုပါသည်။ အရည်ပျော်လာပါက မြောင်းကလေးပါသော သံချောင်းတွင်းသို့ ငွေချောင်းရရှိစေရန် လောင်းထည့်ပါသည်။ ရရှိလာသော ငွေချောင်းကို တူဖြင့်ထုပြားကာ အပြားဆွဲသည့်ကိရိယာဖြင့် ထပ်မံဖိပြားပါသည်။ ငွေပြားရရှိပါက အသင့်ပြုလုပ်ထားသော မိုခွက်တွင် လက်ဖြင့်ရိုက်၍ ငွေပြားကိုဖြတ်ထုတ်ပြီး ထိုမိုခွက်တွင်ပင် ငွေခွက်ကလေးများကို တူဖြင့်ရိုက်၍ ပြုလုပ်ပါသည်။ ပြီးပါက အရောင်ထွက်စေရန် မီးစားခြင်း၊ ဆေးကြောခြင်းများ ပြုလုပ်ပြီးပါက ခေါင်းဆောင်းတွင်တပ်ဆင်သည့် ငွေခွက်များရရှိပြီး ဖြစ်ပါသည်။ ။

ကြေးမုံ