၂၀၁၉ နှစ်ဆန်းပိုင်းတွင် မြေတောက်ပဲနှင့် ပဲယဉ်းများ မန္တလေးစျေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်

မန္တလေး ဇန်နဝါရီ ၁၅

၂၀၁၉ နှစ်ဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် မြေတောက်ပဲနှင့် ပဲယဉ်းများ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ အပြိုင်ဝယ်ယူမှုများကြောင့် မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာပြီး အရောင်းသွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

အဆိုပါပဲများမှာ ၂၀၁၈ နှစ်ဆန်းပိုင်း ယခုလို ပေါ်ခါစအချိန်က မြေတောက်ပဲအသစ်မှာ သုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ဈေးသာ ရရှိပြီး ပဲယဉ်းသီးနှံမှာ ကျပ် ၆၂၀ဝ၀ နှုန်းဖြင့် အဖွင့်ဈေး ရှိခဲ့သော်လည်း ယခုနှစ်တွင် သိသာထင်ရှားစွာ မြေတောက်ပဲကို ဇန်နဝါရီ ပထမပတ်တွင် ကျပ် ၁၂၃၀ဝ၀ ဖြင့် အဖွင့်ဈေးစတင်ကာ ဇန်နဝါရီ ၁၄ ရက်တွင် ကျပ် ၁၂၈၀ဝ၀ အထိ မြင့်တက်လာပြီး ပဲယဉ်း မှာကျပ် ၇၈၀ဝ၀ ဖြင့်ဈေးတည်ငြိမ်လျက်ရှိနေကြောင်း သိရသည်။

“၂၀၁၉ နှစ်ဆန်းမှာတော့ မန္တလေးပဲဈေးကွက်မှာ မြေတောက်ပဲနှင့် ပဲယဉ်းက နှစ်နိုင်ငံ ဝယ်လက်ဆုံ တဲ့အတွက် အရင်နှစ်အဖွင့်ဈေးတွေထက် သိသိသာသာကို ဈေးနှုန်းမြင့်တက်နေတယ်။ တောင်သူတွေကတော့ ကြိုက်ဈေးရလို့ ရောင်းပန်းပွင့်နေကြတယ်။ ဝယ်လက်ကလည်း ခေါ်ဈေးအတိုင်း ပေးဝယ် နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီနှစ်က ရာသီ ဥတုမျှတတဲ့အတွက် သီးနှံအထွက်နှုန်းကလည်း သင့်တင့်တယ်။ ဒါ့ကြောင့် ၂၀၁၉ ပဲဈေးကွက်ရဲ့ အလားအလာကတော့ မင်္ဂလာရှိနေပြီ” ဟု မန္တလေး မြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့် ပွဲရုံ)က ပြောသည်။

မြေတောက်ပဲမှာ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဗန်းမော်၊ ထီးချိုင့်၊ ကသာဒေသ၊ ပဲယဉ်းမှာ မတ္တရာ၊ စဉ့်ကူးမြို့နယ်များမှ စတင်ဝင်ရောက်လာကာ အဖွင့် ဈေးကောင်းမွန်မှုကြောင့် မန္တလေးဈေးကွက်သို့ ပို့ဆောင်ရောင်းချနေကြကြောင်း သိရသည်။

“ဒီနှစ်ကတော့ ထူးထူးခြားခြားကို မြေတောက်ပဲ ဈေးက အဖွင့်ဈေးကောင်းနေတယ်။ ဒါကြောင့် နောက်ဈေးကို မမျှော်ဘဲ လက်ရှိအမြင့်ဈေးနဲ့ ဦးဦးဖျားဖျားရောင်းချနိုင်ဖို့ မန္တလေးဈေးကွက်ကို လာခဲ့တာပါ” ဟု ထီးချိုင့်မြို့နယ်မှ တောင်သူ ဦးတင်ဝင်းက ပြောသည်။

မြေတောက်ပဲနှင့် ပဲယဉ်းသီးနှံများမှာ နိုင်ငံခြား ဈေးကွက်ဝင် ပြည်ပပို့ကုန်အဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးနိုင်ပြီး ထီးချိုင့်၊ ကသာနယ်ဘက်မှ ထွက်ရှိသည့် မြေ တောက်ပဲများနှင့် ပခုက္ကူ၊ မြစ်ခြေနယ်တို့မှ ထွက်ရှိသည့် ပဲယဉ်းများမှာ ဈေးကွက်တွင် အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

 မင်းထက်အောင်(မန်းကိုယ်ပွား)