ယခုနှစ်ဘောလုံးရာသီ မန်ယူအသင်း ပရီမီယာလိဂ်ဖလား ရရှိလိမ့်မည်မဟုတ်ဟု ဂယ်ရီနဗီးလ် ပြောကြား

မန်ယူအသင်းဟာ အခုနှစ်ဘောလုံးရာသီအတွင်းမှာ ပရီမီယာလိဂ်ဖလားရရှိလိမ့်မည်မဟုတ်ကြောင်းနဲ့ ပရီမီယာလိဂ်ချန်ပီယံဖြစ်မယ့် အသင်းကောင်းတစ်သင်းဖြစ်ဖို့ လိုအပ်နေသေးကြောင်း ဂယ်ရီနဗီးလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့စနေနေ့ညပိုင်းက အက်စ်တွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီလွဲခဲ့ရတာကြောင့် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အက်စ်တွန်ဗီလာအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး မန်ယူအသင်းအတွက် ယခုနှစ် ဘောလုံးရာသီ ပထမဆုံးပရီမီယာလိဂ်ရှုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။

မန်ယူအသင်းမှာ တစ်ဦးချင်း အရည်အချင်းရှိတဲ့ကစားသမားတွေများပေမယ့် ပရီမီယာလိဂ်ဖလား ရရှိနိုင်ဖို့ လိုအပ်တဲ့အသင်းလိုက်စည်းလုံးညီညွတ်မှုမရှိဘူးလို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ ရသလို ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာလည်း ယန်းဘွိုင်းစ်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိ ပရီမီယာလိဂ်ပွဲစဉ်(၆)အပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့် (၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ ပရီမီယာလိဂ်ချန်ပီယံဖြစ်မယ့် ခြေစွမ်းမျိုးမရှိဘဲ ချယ်လ်ဆီးအသင်း၊ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ကသာ ပရီမီယာလိဂ် ချန်ပီယံဖြစ်ဖို့ ရာနှုန်းများတယ်လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။

ငွေကြယ်