ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် အာရှအဆင့်ပြိုင်ပွဲများနှင့်ပတ်သက်၍ ပြန်လည် အတည်ပြုမည်

ရန်ကုန်   ဇွန်   ၂

အာရှဘောလုံးအဖွဲ့ချုပ်သည် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ကျင်းပရန်စီစဉ်ထားသည့် အာရှအဆင့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ပြန်လည်အတည်ပြုမည်ဖြစ်သည်။  အာရှဘောလုံးအဖွဲ့ချုပ်သည် နှစ်ဝက် နောက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများ၊ ခြေစစ်ပွဲများကို ကိုဗစ်-၁၉ ကပ်ရောဂါ အပေါ်မူတည်၍ ကျင်းပနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်သွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အမျိုးသားအသင်းများ ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) တတိယအဆင့် ခြေစစ်ပွဲ၊ ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲနှင့် Play-off ပွဲစဉ်များ၊ လက်ရွေးစင်အမျိုးသမီး အသင်း ယှဉ်ပြိုင်ရမည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲများအပါအဝင် အာရှဖလား ယူ-၂၃ အမျိုးသား ခြေစစ်ပွဲ၊ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ၊ အာရှဖလား ယူ၁၇ အမျိုးသမီးခြေစစ်ပွဲ၊ အာရှ အမျိုးသမီးကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ပြိုင်ပွဲများမှာ ပြီးခဲ့သည့်နှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ဖျက်သိမ်း/ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရပြီး ယခုနှစ်တွင်လည်း ပြိုင်ပွဲအနည်းငယ်သာ ကျင်းပ နိုင်သေးသည်။ လက်ရှိတွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု လက်ကျန်ပွဲများ ကျင်းပလျက်ရှိပြီး ကလပ်ပြိုင်ပွဲဖြစ်သော အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ အုပ်စု ပွဲစဉ်အချို့ကိုလည်း ကျင်းပလျက်ရှိသည်။ အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲတို့ကို ကျင်းပလျက် ရှိသော်လည်း ကပ်ရောဂါကြောင့် အုပ်စုအားလုံး ကျင်းပနိုင်ခြင်းမရှိသေးဘဲ အုပ်စုပွဲစဉ်အချို့သာ ကျင်းပ နိုင်သေးခြင်းဖြစ်သည်။

မြန်မာအသင်းများသည် နှစ်ဝက်နောက်ပိုင်းကျင်းပမည့် ပြိုင်ပွဲနှင့် ခြေစစ်ပွဲအားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပသည့်အပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။

ကိုညီလေး