ဝါးခယ်မမြို့နယ်၌ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ

mdn

ဝါးခယ်မ    စက်တင်ဘာ        ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာ နှစ်ရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ရေနှင့် ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။

အဆိုပါမြစ်ရေတိုက်စားမှုကြောင့် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် မြစ်ကမ်းပါး အလျား ပေ ၅၀၊ အနံ ပေ ၃၀ ခန့်၊ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် အထက်ပေကုန်း ကျေးရွာအုပ်စု၊ အထက် ပေကုန်း ကျေးရွာတွင် မြစ်ကမ်းပါး အလျား ပေ ၄၀၊ အနံ ပေ ၂၀ ခန့် ပြိုကျခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် အဆောက်အုံ များထိခိုက်မှုမရှိကြောင်း၊ ဟင်္သာဒုံးကျေးရွာတွင် အိမ် လေးလုံး၊ အထက်ပေကုန်းကျေးရွာတွင် အိမ် လေးလုံး၊ စုစုပေါင်း အိမ် ရှစ်လုံးနှင့် မိသားစုဝင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၀ စုစုပေါင်း ၃၉ ဦးတို့အား ရွှေလောင်း နယ်မြေမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး အိမ်များ၏ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၂၉ သိန်းဖြစ်ကြောင်း သိရသည်။

အထက်ပေကုန်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်ကမ်းပါးတွင် လည်းကောင်း၊ ဟင်္သာဒုံးကျေးရွာ အုပ်စုသည် ဧရာဝတီမြစ်ကမ်းပါးတွင် လည်းကောင်း တည်ရှိသောကြောင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)