တန့်ယန်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

တန့်ယန်း  အောက်တိုဘာ  ၁၈

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် အသက် (၁၂)နှစ်နှင့်အထက်  ကျောင်းသား/ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ စတင်ထိုးနှံ ပေးခဲ့သည်။

 

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူ ကျောင်းအုပ်ကြီးများ ကြီးကြပ်၍ အမှတ်(၃) တပ်မတော်ဆေးရုံ(ခုတင်-၂၅)မှ ဆရာဝန်များနှင့် သူနာပြုများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးကြရာ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/ကျောင်းသူ များအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။

                                                                                                 

မင်းလွင်ဦး(ပြန်/ဆက်)