“တစ္ဆေပါလာပြီ” ရုပ်ရှင်ဇာတ်ကား အောက်တိုဘာ ၁၉ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန်   ၁၅  အောက်တိုဘာ

 

“လပ်ကီးဆဲဗင်း” ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး မလေးရှား နိုင်ငံသား ဒါရိုက်တာ R.Perakas Rajaram ရိုက်ကူးထားသည့် “တစ္ဆေပါလာပြီ” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၁၄ ရက် နံနက် ၇ နာရီခွဲက  ရန်ကုန်မြို့၊ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး အောက်တိုဘာ ၁၉ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

 

သရုပ်ဆောင် ပြေတီဦး က “ဒီကားရိုက်ရတာ တော်တော်ပင်ပန်းပါတယ်။ လုပ်ရတဲ့ အိုက်တင်တွေကလည်း လေပေါ်မှာ မြှောက်သွားတာတွေ၊ ပြုတ်ကျတာတွေပါတော့ ရိုက်နေတုန်းက တစ်ကိုယ်လုံးကိုင်ပြီး ရိုက်ထားသလိုပါပဲ၊ ပြည်ပက ဒါရိုက်တာတွေနဲ့ ရိုက်ကူးတဲ့အခါမှာ အဓိက ကြုံတွေ့လေ့ရှိတာက ဘာသာစကား အခက်အခဲပါ၊ သူတို့အလေ့အထနဲ့ ရေးထားတဲ့ တချို့စကားတွေကျတော့ မြန်မာစကားနဲ့ အဆင်မပြေပြန်ဘူး၊ ဇာတ်ညွှန်းမှာပြောမယ့် စကားလေးတွေကိုတော့ ညှိနှိုင်းရတာတွေရှိတယ်” ဟု ပြောသည်။

 

 

အဆိုပါ ဇာတ်ကားတွင် ပြေတီဦး၊ အိချောပို၊ ညီထွဋ်ခေါင်၊ ခင်လှိုင်၊ အောင်ဇော်မင်း၊ စိုင်းအောင်တင့်၊ အာလူး၊ သက်ထားစုစံ၊ ချမ်းသာ၊ ဦးမြသောင်း၊ မိုးထက်၊ မြတ်နိုး၊ ကိုသန်းထိုက်၊ အိမ်ချယ်ချို၊ ဘိုဘို၊ နဂါး၊ ချစ်ပု၊ ချစ်ဦးနှင့် သရုပ်ဆောင်များစွာ ပါဝင်ပြီး ချစ်ကြိုက်ကွဲညား၊ ဟာသဇာတ်လမ်းများမှ ကွဲထွက်၍ ပရိတ်သတ်များ စိတ်ဝင်စား ပျော်ရွှင်မှုရရှိစေရန်၊ မကောင်းမှုသည် ဖုံးကွယ်၍မရကြောင်း သိရှိစေရန်၊ စိတ်စွဲလမ်းမှုသည် လူကို ဒုက္ခပေးတတ်ကြောင်း သိရှိစေရန် ရည်ရွယ်ကာ အချစ်၊ ဟာသ၊ စိတ်လှုပ်ရှားဖွယ်ရာ ရိုက်ကူးထားခြင်း ဖြစ်သည်။

 

 

ဒါရိုက်တာ R.Perakas Rajaram က “ဒီမှာ ရိုက်ကူးနေတဲ့ ပုံစံတွေက ပြည်ပနိုင်ငံ ရိုက်ကူးရေးပုံစံတွေနဲ့ ကွဲပြားတယ်၊ နိုင်ငံခြားမှာဆိုရင် နည်းပညာပိုင်းတွေကို အသုံးပြုပြီး ရိုက်ကြတာများတယ်၊ ဒီက သရုပ်ဆောင် တွေက တော်ကြတဲ့အတွက် ရိုက်ကူးရာမှာ အခက်အခဲ မရှိခဲ့ပါဘူး၊ မြန်မာကားတွေကို ပြည်ပနိုင်ငံတွေအထိ ရောက်စေချင်တဲ့အတွက် မြန်မာနိုင်ငံမှာ နောက်ထပ်ရိုက်ကူးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်၊ စင်္ကာပူတို့ မလေးရှားတို့မှာလည်း မြန်မာနိုင်ငံသားတွေ ရှိတဲ့အတွက် အဲဒီနိုင်ငံမှာ ကျွန်တော့်ဇာတ်ကားတွေကို ချပြချင်ပါတယ်” ဟု ပြောသည်။

 

 

 

 

သရုပ်ဆောင် အိချောပို ကလည်း နိုင်ငံခြားဒါရိုက်တာနှင့် ရိုက်ကူးရသည့်အတွက် ရိုက်ကူးမှုတွင် အခက်အခဲ တချို့ရှိခဲ့ကြောင်း၊ အဝတ်အစားပိုင်းအနေဖြင့် ဇာတ်လမ်းအစပိုင်းတွင် ပြောင်းလဲဝတ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဇာတ်လမ်းသဘောအရ အိမ်တစ်အိမ်အတွင်း တစ်ရက်တည်း ပုံစံမျိုး ရိုက်ကူးရ သည့်အတွက် ဝတ်စုံတစ်စုံတည်းကိုသာ အသုံးပြု ဝတ်ဆင်ခဲ့ကြောင်း ပြောသည်။

 

 

 

သရုပ်ဆောင် ညီထွဋ်ခေါင် က “ဇာတ်ညွှန်းထဲမှာ ရေးထားတာနဲ့ ကားဆက်ပြီးတော့ ကြည့်ရတာနဲ့ တော်တော် ကွာပါတယ်၊ ရိုက်ကူးတဲ့အခါတုန်းကလည်း ကြောက်စိတ်တွေ ဖြစ်မိတယ်၊ အခု ကိုယ်ရုပ်ကိုယ်ပြန်ကြည့်တော့မှ ဒါရိုက်တာရဲ့ ရိုက်ကူးခဲ့မှု အပိုင်းတွေကို သဘောပေါက်တယ်၊ စိတ်လှုပ်ရှားဖို့ကောင်းပြီး ဇာတ်ကားတစ်ကားမှာ ပါဝင်ရမယ့် ရသတွေ စုံအောင်ရိုက်ထားတဲ့ ဖျော်ဖြေရေးဆန်တဲ့ ကားလေးပါ၊ တစ်ယောက်နဲ့ တစ်ယောက် စတာ၊ နောက်တာတွေဟာ အတိုင်းအတာတစ်ခုအထိပဲ ကောင်းတယ်၊ လူတစ်ယောက်ရဲ့ အားနည်းချက် အပေါ် အစလွန်ရင် အဆိုးဘက်ကို ရောက်သွားတတ်တယ်ဆိုတဲ့ ပုံစံဇာတ်လမ်းမျိုးပါ”  ဟု ပြောသည်။

 

အဆိုပါ ဇာတ်ကား၏ ဇာတ်အိမ်မျိုး တူညီသည့် ဇာတ်ကားကို မလေးရှားနိုင်ငံတွင် ရိုက်ကူးထားသော်လည်း  ယခုဇာတ်ကားသည် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီအောင် ရိုက်ကူးထားသည့် အပြင် ပရိတ်သတ် ကြိုက်နှစ်သက်အောင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း၊ ယင်းဇာတ်ကားသည် သရဲဇာတ်ကား ဖြစ်သော်လည်း ပရိတ်သတ်များအတွက် ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းများကို လျှော့ပေါ့ရိုက်ကူးထားပြီး နည်းပညာအရ ကြိုးဆွဲ ရိုက်ကူးထားသည့် လေပေါ်ပျံတက်သွားသည့် ဇာတ်ဝင်ခန်းများနှင့် လှုပ်ရှားမှုများကိုသာ အသားပေး ရိုက်ကူးထားကြောင်း ဒါရိုက်တာ R.Perakas Rajaram ထံမှ သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်