ထိုင်းဝန်ကြီးချုပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို နှိမ်နင်းရန် ရဲတပ်ဖွဲ့အား အမိန့်ပေး

၁၉ နိုဝင်ဘာ

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နှိမ်နင်းရန် ရဲတပ်ဖွဲ့အား  ဒီနေ့ (ကြာသပတေးနေ့) မှာ အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။

မြို့တော်ဘန်ကောက်မှာ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားဆန္ဒပြသူတွေအား မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ နှိမ်နင်းပြီး ရက်ပိုင်းအတွင်းမှာ အခုလို အမိန့်ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဇူလိုင်ကစတင်၍ လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြနေရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဘုရင်စနစ်ပြုပြင်ရေးနဲ့ ဝန်ကြီးချုပ် ပရာရွတ် နုတ်ထွက်ပေးရေး စတဲ့ အချက် ၃ ချက်ကို တောင်းဆိုနေကြောင်း သိရပါတယ်။

အင်္ဂါနေ့မှာ လွှတ်တော်အဆောက်အအုံမှာ ဒီမိုကရေစီအရေး တောင်းဆိုသူတွေနဲ့ ဘုရင်စနစ် ထောက်ခံသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားရာ လူ ၆ ဦး သေနတ်ပစ်ခံခဲ့ရပြီး လူပေါင်း ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်က ရှော့ပင်းမောတွေရှိရာ ဘန်ကောက်မြို့လယ်နဲ့ ထိုင်းရဲဌာနချုပ်ရှေ့မှာ ဆန္ဒပြသူ ၂၀,၀၀၀ ခန့်က ဆန့်ကျင်ဆန္ဒပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆန္ဒပြသူတွေက ရဲဌာနချုပ်ရဲ့ နံရံတွေကို ပုလင်းတွေ၊ သုတ်ဆေးတွေနဲ့ ပတ်ဖျန်းခဲ့တာကို တွေ့ရပါတယ်။ ဦးထုပ်အမာ(helmet)တွေ ဆောင်းထားသလို ဓါတ်ငွေ့ကာ မျက်နှာဖုံးတွေ ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ ဒေသစံတော်ချိန် ည ၈ နာရီခွဲဝန်းကျင်မှာ လူစုခွဲခဲ့တာကို တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်က အာဏာသိမ်းယူထားတဲ့ ဝန်ကြီးချုပ် ပရာရွတ်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဆန္ဒပြသူတွေအား နှိမ်နင်းသွားမှာဖြစ်ကြောင်း၊ အခြေအနေဟာ ဖြေရှင်းနိုင်မှုမရှိဘဲ ပဋိပက္ခတွေ ပိုမိုဖြစ်သွားကြောင်း၊ လက်ရှိအခြေအနေက နိုင်ငံကို ထိခိုက်လာနိုင်ပြီး လူအများ ကြိုက်နှစ်သက်တဲ့ ဘုရင်စနစ်ကိုပင် ထိခိုက်လာနိုင်ကြောင်း ပါရှိပါတယ်။

MDN

ကိုးကား - AFP