သုံးခွမြို့နယ်တွင် ပဲတီစိမ်းများ ဈေးကွက်ဝင်ရောက်

သုံးခွ ၁၀ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ပဲဈေးကွက်အတွင်းသို့ ပဲတီစိမ်းအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ တစ်တင်း (ပိဿာ ၂၀)လျှင် ဖေဖော်ဝါရီ ၁၀  ရက် နံနက် ၁၀ နာရီ ပေါက်ဈေးမှာ ကျပ် ၄၃၅၀ဝ ဖြစ်ကြာင်း သုံးခွမြို့ အမှတ်(၄)ရပ်ကွက်ရှိ Bright Light ပဲမျိုးစုံရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

‌ေ

 

ဈေးကွက်အတွင်း စတင်ဝင်ရောက်ခါစ ဖြစ်သည့်အတွက် ဈေးနှုန်းတည်ငြိမ်မှု မရှိသေးကြောင်း၊ လှိုင်လှိုင်ပေါ်ပါက ဈေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်းနှင့် အထွက်နှုန်းကောင်း၍ ပေါက်ဈေးပိုမိုမြင့်မားပါက တောင်သူများ ပို၍တွက်ခြေကိုက်ကြောင်း သိရှိရသည်။ သုံးခွမြို့နယ်တွင် မိုးစပါးနှင့် သီးထပ်အဖြစ် ဆောင်းသီးနှံ ပဲတီစိမ်းရွှေဝါနှင့် ရေဆင်းအမျိုးအစားတို့ကို အဓိကစိုက်ပျိုးကြသည်။ ပဲတီစိမ်းမှာ စိုက်ပျိုးပြီးနှစ်လခွဲအကြာတွင် ဆွတ်ခူးရရှိကြောင်း သိရှိရသည်။ ပဲတီစိမ်းကို နိုဝင်ဘာလ ဒုတိယပတ်တွင် စတင်ထွန်ယက်စိုက်ပျိုးကြပြီး တောင်သူတစ်ဦးနှင့်တစ်ဦး စိုက်ပျိုးသည့်အချိန် ကွာခြားမှုကြောင့်ပဲ ထွက်ချိန်ကွာခြားမှုရှိနိုင်ပြီး ဖေဖော်ဝါရီ လလယ်တွင် လှိုင်လှိုင်ပေါ်မည်ဟု သိရှိရသည်။

ပဲတီစိမ်းမှာ တစ်နေရာနှင့် တစ်နေရာ အထွက်နှုန်းကွာခြားမှုရှိနိုင်ပြီး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးမှု၊ စိုက်ပျိုးသည့်မြေအမျိုးအစား ကောင်းမွန်မှု၊ ရာသီဥတုအခြေအနေ၊ ပိုးမွှားကျရောက်မှု၊ ပြုစုပျိုးထောင်ပုံ နည်းစနစ်မှန်ကန်မှုတို့အပေါ်တွင် မူတည်ပြီး တစ်ဧက(၂၀)ကျော်ထွက်ရှိနိုင်ကြောင်း သိရှိရသည်။ သုံးခွမြို့နယ်တွင် ၂၀၂၀-၂၀၂၁ စိုက်ပျိုးရာသီ၌ ဆောင်းသီးနှံပဲတီစိမ်း (၁၃၀၁၈၃)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီမှူး ဦးတင်မြင့်အောင်က ပြောသည်။

ကိုကျော်(သုံးခွ)