သုံးခွမြို့နယ်၌ ဆောင်းသီးနှံ ပဲတီစိမ်းများ ဖြစ်ထွန်းအောင်မြင်

သုံးခွ၊  ၃  ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် သီးထပ်ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ပဲပိုးမွှားအန္တရာယ်နည်းပါးမှု၊ ရာသီဥတုအခြေအနေကောင်းမွန်မှုကြောင့် အထွက်နှုန်း ကောင်းမည်ဟု သိရသည်။ သို့သော် ပဲဆွတ်ခူးချိန်တွင် လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရ သောကြောင့် အချိန်မီ မဆွတ်ခူးနိုင်မည်ကို စိုးရိမ်နေရကြောင်း တောင်သူများထံမှ သိရသည်။

သုံးခွမြို့နယ် လက်ပန်စံပြကျေးရွာမှ ပဲတီစိမ်းရေဆင်း ဧက ၂၀ စိုက်ပျိုးသူ ဦးမင်းကိုကိုဦးက “ကျွန်တော့်လယ်က ပဲစိုက်ထားတာ ၆၅ ရက်သားရှိပြီ။ နောက် ၁၀ ရက်ဆို ပဲဆွတ်ခူးလို့ရပြီ။ အောင်မြင်ဖြစ်ထွန်းပြီး အခြေအနေကောင်းပါတယ်။ ဒါပေမယ့် ပဲဆွတ်ခူးချိန် အချိန်အခါမဲ့ မိုးမရွာဖို့၊ ပဲဆွတ်ခူးသူ လုပ်သားအဆင်ပြေအလွယ်တကူရဖို့၊ ပဲစျေးကောင်းဖို့ပဲ မျှော်လင့်နေ ရတယ်” ဟု ပြောပြသည်။

သုံးခွမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီတွင် မြို့မနှင့် ကျေးရွာအုပ်စု ၆၄ အုပ်စု တွင် ပဲတီစိမ်း ဧက ၁၃၀၁၈၃ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မြင့်အောင်က ပြောပြသည်။

ကိုကျော်(သုံးခွ)