သန့်လေးသန့်

mdn

နေပြည်တော် ၃ ဇွန်

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူတစ်ဦး ချင်း၏ ကျန်းမာကြံ့ခိုင်မှုနှင့် ဉာဏ်ပညာက အရေးကြီးသည်။ ကျန်းမာရေးနှင့် ပြည့်စုံပြီး ပညာတတ်သူများကသာ တန်ဖိုးမြင့်မားသည့် လူ့အရင်းအမြစ် ဖြစ်သည်။ လူတိုင်းကျန်းမာစေရန် ဆိုသည်မှာ လူတိုင်းတွင် ကျန်းမာရေးအသိပညာတို့ မြင့်မြင့်မားမား ရှိနေဖို့လည်း လိုအပ်သည်။ လူတို့၏ သဘောမှာ မိမိတွင် အနာရောဂါတစ်စုံတစ်ရာ မကျရောက်လာသေးသရွေ့၊ ကျန်းမာနေသရွေ့ ကာလပတ်လုံး ကျန်းမာရေးအသိပညာဆိုသည်ကို  မေ့ထားလေ့ရှိသည်။ အမှန်မှာ ကျန်းမာရေး အသိပညာမြင့်မားသူက ရောဂါမဖြစ်ပွားမီ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင် စားသောက်ခြင်း၊ ကြိုတင် ကာကွယ်ခြင်းတို့ဖြင့် ရောဂါဝေဒနာ တို့ကို ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။

 

လူတို့၏ ပတ်ဝန်းကျင်တွင် ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနှင့် ကပ်ပါးပိုးများ စသည့်ရောဂါပိုးများ သန်းပေါင်းများစွာတို့ ရှိနေသည်။ ပတ်ဝန်းကျင်ဟုဆိုရာတွင် နေထိုင်ရာအိမ်အနီးဝန်းကျင် ကို ဆိုလိုသည်မဟုတ်ဘဲ လူ့ခန္ဓာကိုယ်နှင့် ထိတွေ့မိသမျှ ကိုင်တွယ်မိသမျှသော နေရာများအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါရောဂါပိုးများက နည်းလမ်းအမျိုးမျိုးဖြင့် လူ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပါက ရောဂါအမျိုးမျိုးတို့ ဖြစ်ပေါ်နိုင်သည်။ ရောဂါပိုး များကာကွယ်ရန် နည်းလမ်းအမျိုးမျိုးရှိရာတွင် လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်းက ကူးစက်ရောဂါ များစွာတို့ကို ကာကွယ်နိုင်သည်။ ဝမ်းပျက်၊ ဝမ်းလျှော၊ အီဘိုလာ၊ ကြက်ငှက်တုပ်ကွေး၊ မားစ်၊ ကူးစက်မြန် ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ၊ ရာသီတုပ်ကွေး အစရှိသည့် ကူးစက် ရောဂါများမှာ လက်ကိုစနစ်တကျ စင်ကြယ်စွာ ဆေးကြောခြင်း ဖြင့် မကူးစက်အောင် ကာကွယ်နိုင်သည်။

 

လက်ကို မည်ကဲ့သို့ ဆေးကြောရမည်ကို ကိုဗစ်- ၁၉ ကပ်ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ လူအတော်များများ သိရှိနေကြသော်လည်း လက်တွေ့ကျင့်သုံးမှုတွင် အားနည်း လျက်ရှိသေးသည်ကို တွေ့ရသည်။ လက်ကို ဆပ်ပြာနှင့်ရေ သုံးစွဲ၍ စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ပွတ်တိုက် ဆေးကြောရန်၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်သည်းကြား၊ လက်မ၊ လက်ကောက်ဝတ်တို့ကို ဆပ်ပြာဖြင့် သေချာစွာ ပွတ်တိုက် ဆေးကြာရန်နှင့် လက်ကို ရေလောင်းဆေးကြောရန်ဖြစ်ပြီး ရေဇလုံတွင်နှစ်၍ မဆေးကြောရန်၊ တစ်ယောက်လက်ဆေး ထားသောရေဖြင့် နောက်တစ်ယောက် ထပ်မဆေးရန် မှတ်သား ထားကြဖို့လည်းလိုသည်။ အစာမစားမီနှင့် စားပြီးချိန်၊ အစားအစာ မကိုင်တွယ်မီနှင့် မချက်ပြုတ်မီ၊ အိမ်သာမှ အထွက်တို့တွင်လည်းကောင်း၊ အညစ်အကြေး၊ အမှိုက်သရိုက်တို့ ကိုင်တွယ်ပြီးချိန်တွင် လည်းကောင်း အထက်ဖော်ပြပါ နည်းလမ်းဖြင့် လက်ကိုစင်ကြယ် အောင် ဆေးကြောကြရမည်ဖြစ်သည်။

 

လက်သန့်ခြင်း အရေးကြီးသကဲ့သို့ ရေသန့်ခြင်းကလည်း အရေးကြီးသည်။ ရောဂါပိုးပါသည့်ရေကို သောက်သုံးမိ ပါက ဝမ်းရောဂါ၊ အူရောင်ငန်းဖျား(တိုက်ဖွိုက်)ရောဂါ၊ အသည်းရောင် အသားဝါ၊ ပိုလီယို စသည့်ရောဂါများ ဖြစ်ပွားနိုင်သည်။ သို့ဖြစ်ရာ မိမိတို့ သောက်သုံးသောရေတွင် အနည်အမှုန် ကင်းစင်ရေး၊ အရောင်အဆင်း အနံ့အရသာကင်းရေး၊ ရောဂါပိုးမွှားကင်စင်ရေး၊ ဓာတ်သတ္တုများပါဝင်သင့်သည့် ပမာဏထက်ပို၍ မပါရှိစေရေး သတိပြုသင့်သည့် ပရေရာဂါပိုးမွှားကင်သတိပြုကြရမည်ဖြစ်သည်။

 

နောက်ထပ်အရေးကြီးသည့် သန့်ရှင်းမှုမှာ အစားအစာ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဖြစ်သည်။ အစားအစာ များ ယင်မနားအောင် ဖုံးအုပ်ခြင်း၊ အိုးခွက်ပန်းကန်များ သန့်ရှင်းစွာ ဆေးကြောထားရှိခြင်း၊ သန့်ရှင်းစွာချက်ပြုတ်ခြင်း၊ ပူပူနွေးနွေး စားသုံးခြင်းဖြင့် ရောဂါဘယကင်း၍ အာဟာရပြည့်ဝကြမည် ဖြစ်သည်။ ပတ်ဝန်းကျင်သန့်ရှင်းရေးတွင် ယင်လုံအိမ်သာကို စနစ်တကျ သန့်ရှင်းစွာသုံးစွဲခြင်း၊ အိမ်အနီးဝန်းကျင်၌ ခြင်၊ ယင်၊ ကြွက်တို့ ခိုအောင်းခြင်းမရှိစေရန် ချုံနွယ်ပိတ်ပေါင်း အမှိုက် သရိုက်နှင့် ရေအိုင်များကို ရှင်းလင်းပြီး ထုံးဖြူးခြင်း၊ ဆေးဖျန်း ခြင်းတို့ ဆောင်ရွက်ရန်လိုသည်။

 

ဆိုခဲ့ပြီးသည့် လက်သန့်၊ ရေသန့်၊ အစားအစာသန့်၊ ပတ်ဝန်း ကျင်သန့်ဟူသော သန့်လေးသန့်တို့ကို တစ်သက် တာလုံး စွဲမြဲစွာ ကျင့်သုံးခြင်းဖြင့် ရောဂါဘယတို့ ကင်းဝေးကာ ကျန်းမာသုခနှင့် ပြည့်စုံနိုင်ကြမည်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း