သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးသော ကုလားပဲများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

မန္တလေး ၂၈ ဇန်နဝါရီ

မန္တလေးမြို့ အမရပူရမြို့နယ်တွင် မိုးစပါးရိတ်သိမ်းခါနီးအချိန် ကုလားပဲများကို ရေကြမ်းပတ်ကျဲကာ စိုက်ပျိုးခြင်း၊ လယ်ရိတ်သိမ်းပြီးချိန် ထယ်ထွန်ကာ သီးသန့်စိုက်ပျိုးသည့် ကုလားပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ စပါးစိုက်ပျိုးပြီး ကုလားပဲစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကိုပါ ပြုပြင်ပြီးဖြစ်သည့်အတွက် နှစ်စဉ်သီးထပ်အဖြစ် စိုက်ပျိုးလေ့ရှိသည်။

ရေကြမ်းပတ်စိုက်ပျိုးခြင်း၌ ရေအစိုဓာတ်နှင့် ကုလားပဲပင်များ အပင်ပေါက်ပြီး အနည်းငယ်ကြီးသည့်အချိန်နှင့် လယ်ရိတ်သည့််အချိန်တွင် ချိန်သားကိုက်ဖြစ်စေရန် ချိန်ဆစိုက်ပျိုးကြသည်။ လယ်ရိတ်သိမ်းပြီးသည်နှင့် ကုလားပဲပင်များ နှင်းရည်သောက်ကာ ကြီးထွားလာသည်။

လယ်စိုက်တောင်သူများအနေဖြင့် နှစ်စဉ် လယ်ရိတ်အပြီး စပါးခင်းအတွင်း ကုလားပဲစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပြုပြင်ပြီးဖြစ်စေရန်နှင့် သီးထပ်သီးညှပ်အဖြစ် ကုလားပဲရရှိအောင် ပြုလုပ်ကြသည်။ ယခုနှစ် စပါးရိတ်သိမ်းခါနီးကာလတွင် ရေကြမ်းပတ်ကျဲခဲ့သည့် ကုလားပဲခင်းများနှင့် သီးသန့်ထွန်ယက်စိုက်ပျိုးသော သီးထပ်ကုလားပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ မန္တလေးမြို့ အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ၅၁၂၆၈ ဧကရှိသည်။ တောင်သူများအနေဖြင့်       ယခုနှစ်တွင် ကုလားပဲဈေးကောင်းမွန်ရေး မျှော်လင့်လျက်ရှိကြောင်း သိရသည်။

တိမ်တမန်