သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကားသစ် ဇွန် ၈ ရက်မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသမည်

ရန်ကုန် ၂၇ မေ

အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်သည့် “သားပိုက်ကောင်” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ပြသခဲ့ပြီး ဇွန် ၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)မှ အဘွားနှင့် မြေးအကြား ချစ်မေတ္တာ သံယောဇဉ်ကို အဓိက အခြေခံရိုက်ကူးထားသည့် “သားပိုက်ကောင်” ရုပ်ရှင်ဇာတ်ကားတွင် အဘွားဒေါ်ရင်နစ်အဖြစ် အကယ်ဒမီ စိုးမြတ်သူဇာ၊ ဖိုးရွှေလမင်း (ခေါ်) ရွှေဂျိုးလေးအဖြစ် အကယ်ဒမီ ထွန်းထွန်း၊ မေယဉ်ကျေးအဖြစ် ရွှေသမီးတို့က အဓိကသရုပ်ဆောင်များ အဖြစ်ပါဝင်ထားပြီး အကယ်ဒမီ မင်းဦး၊ နေဆန်း၊ ဒိန်းဒေါင်နှင့် ရုပ်ရှင်သရုပ်ဆောင် များစွာနှင့်အတူ ကလေးသရုပ်ဆောင်များ အပါအဝင် ရိုက်ကူးပုံဖော်ထားသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က “ဒီဇာတ်ကားမှာ အဘွားဖြစ်သူက မိဘတွေငယ်စဉ်က ကွယ်လွန်သွားတာကြောင့် စောင့်ရှောက်ခဲ့တာကို အခြေခံပြီး သားအချစ်မြေးအနှစ်ဆိုသလို မြေးလေးကို အချစ်ပိုပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားထဲမှာ ပြောတဲ့စကားလုံးကအစ၊ ပြောမယ့်ဟန်၊ မကြားဝံ့မနာသာ စကားမျိုးတွေမပါတဲ့ အိုက်တင်မျိုးလည်းပါရအောင် စဉ်းစားပြီး အဘွားနေရာက သရုပ်ဆောင် မကြီးစိုးမြတ်သူဇာနဲ့ ဒီဇာတ်လေးရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်ရိုက်ကူးခဲ့တာ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ ကျော်ပါပြီ။ တစ်ကားနဲ့တစ်ကား ဇာတ်လမ်းလည်း မတူပါဘူး။ ပုံသဏ္ဍာန်လည်း မတူပါဘူး။ ချစ်ခြင်းမေတ္တာတရားတွေ မေ့သွားမှာ စိုးရိမ်မိတဲ့အတွက်ကြောင့် ဒီဇာတ်ကားကို ထုတ်ပြတဲ့ သဘောပါ။ ရုံတင်မယ့်ရက်က ဇွန်လ ၈ ရက်နေ့မှာ ရုံတင်မှာပါ။ ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေ အပါအဝင် မြန်မာ တစ်ပြည်လုံးမှာ ပြသသွားမှာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေကို လာကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားလေး က တစ်မျိုး ထူးခြားတဲ့ ဇာတ်ကားပါ။ ပရိတ်သတ်ကို ပြောချင်တာက လူကြီး ၊ လူငယ်၊ လူလတ်အားလုံး ကြည့်လို့ရတဲ့ ဇာတ်ကားပါ” ဟု ပြောသည်။

“သားပိုက်ကောင်” ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အကယ်ဒမီ စိုးမြတ်သူဇာက “ဒီရုပ်ရှင် ဇာတ်ကားမှာ အဘွားနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ စကားပြောတဲ့အခါ အညာဒေသဘက်က စကားပြောသလို ပြောထားပါတယ်။ အဘွားဆိုပေမယ့် မြေးလုပ်တဲ့သူက အမေကြီးလို့ခေါ်တယ်။ အဘွားကို အမေကြီးလို့ခေါ်တဲ့ ဓလေ့တွေရှိတယ်လေ။

ထွန်းထွန်းနဲ့ မြေးအဘွားလုပ်ရတာလည်း အဆင်ပြေတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ပရိတ်သတ်တွေလာကြည့်ပေးပါလို့ ပြောချင်ပါတယ်။ အမေကြီး သရုပ်ဆောင်က လက်မြန်ခြေမြန် ဇာတ်ကောင်ပေါ်လွင်ပြီး အသက်ကြီးပေမယ့် ကျန်းမာတယ်၊ စိတ်ဓာတ်ကလည်းမာတယ်။ နေရာတကာမှာပါတယ်။ သင့်တော်လား မသင့်တော်ဘူးလားဆို တာ မသိဘူးဆိုတဲ့ ဇာတ်ကောင်ပေါ်လွင်အောင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက မြေးအဘွားနှစ်ယောက် သံယောဇဉ် ချစ်ခြင်းမေတ္တာကို ပြထားတာပါ။ အဘွားက မွေးကတည်းက စောင့်ရှောက်လာခဲ့တာ အဖွားတွေနဲ့ ခေတ်လူငယ်တွေမှာ လွှဲတာလေးတွေရှိမှာပေါ့။ အမြင်မတူမှုတွေနဲ့ လွှဲချော်မှုတွေကို နားလည်ပေးနိုင်ရင် အင်မတန် ချစ်ဖို့ကောင်းပါတယ်။ ဒီကားလေးက အရင်ရိုက်တဲ့ ဇာတ်ကားတွေနဲ့ မတူပါဘူး။ ရယ်စရာကား ပေမယ့်လည်း အဓိပ္ပာယ်ရှိတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေနဲ့ ထူးခြားပါ တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အကယ်ဒမီထွန်းထွန်း က “အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ယုံကြည်စွာနဲ့ ကျွန်တော်ကို စာချုပ်ချုပ်ခဲ့တာပါ။ ခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် တာဝန်လည်း ကြီးပါတယ်။ ကျွန်တော် အကယ်ဒမီ မရခင်ကတည်းက ရိုက်ကူးခဲ့တဲ့ကားဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့ အပိုင်းမှာဆိုရင် ဒါရိုက်တာ ကိုစတီးလ်လိုချင်တဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးသရုပ်ဆောင်တယ်။ နောက်တစ်ခုက မိဘမေတ္တာဘွဲ့မှာတောင် ၅၂၈ မှာမှ အဓိကက အဖေ၊ အမေ မေတ္တာ မဟုတ်ဘဲနဲ့ မြေးအဘွားမေတ္တာကို ပုံဖော်ထားတာဖြစ်တဲ့အတွက် မြေးဇာတ်ကောင် စရိုက်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ် ကားကြည့်ရင်းနဲ့လည်း ကျွန်တော် အသိတစ်ခုရလာတယ်။ မိဘနဲ့ မိသားစုကိုလည်း တကယ်အချိန်ပေးဖို့ လိုသေးတယ်ပေါ့။ ပိုက်ဆံတွေ အများကြီးရှာတာထက် မိဘကို ပိုပြီးတော့ အချိန်ပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မိသားစုတစ်ခုမှာတော့ အဓိကပြဿနာက အမြင်မတူတာပေါ့။ အဲဒီလိုမဖြစ်အောင် ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင် နေမလဲဆိုတာ ကျွန်တော်အမြဲတွေးပါတယ်။

ဇာတ်ကောင်စရိုက်အရ မေယဉ်ကျေးကို မြင်မြင်ချင်းချစ်ခင်နှစ်သက်တဲ့ ပုံစံကိုပြတယ်ပေါ့။ ယောင်္ကျားကြိုက် တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချဉ်းကပ်တယ်။ ပိုးပန်းတယ်။ ဒီကောင်မလေးရှိတဲ့နေရာကို နည်းပေါင်းစုံနဲ့ သွားတယ်ပေါ့။ အဲဒါကို ဒါရိုက်တာ ကိုစတီးလ်အနေနဲ့ ဟာသအမြင်လေးနဲ့ ပရိတ်သတ်သဘောကျအောင် ရိုက်ပြသွားတယ်။ ဒီဇာတ်ကားမှာ နောက်ဆုံး အဘွားကိုပြောလိုက်တဲ့ စကားတွေဆိုရင် စိတ်ထဲမှာရှိနေတဲ့ စကားတွေကို အဘွားကိုပဲ အပြစ်ပုံချပြောလိုက်တဲ့သဘောနဲ့ သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်အပါအဝင် လူတွေတော်တော်များများက အပြင်မှာ အဆင်မပြေလာသမျှ တစ်ခုခုဆိုရင် ကိုယ့်မိသားစုကိုပဲ အပြစ်ပုံချလေ့ရှိတယ်။ ပေါက်ကွဲ လေ့ရှိတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို ဇာတ်ကောင်စရိုက်နဲ့ သရုပ်ဆောင်ခွင့်ရတဲ့ အထဲမှာ သရုပ်ဆောင် လိုက်ပါတယ်။ အဓိက ကတော့ ကိုယ်အမှားကို သိပြီး ပြုပြင်ဖို့လိုတယ်လို့ ထင်ပါတယ်။ မှားနေတာကို မမှားဘူးဆိုပြီး ဇွတ်တင်းခံနေရင်တော့ အဆင်ပြေမယ် မထင်ပါဘူး။

မကြီးစိုးနဲ့ ရိုက်ကွင်းမှာ တွဲပြီးသရုပ်ဆောင်တဲ့အခါ အဘွား အဘွားနဲ့ ခေါ်ပြီး ရိုက်တာပါပဲ။ အခက်အခဲ အထွေအထူးတော့ မရှိပါဘူး။ ဒီကာရိုက်တာမျိုးက ကျွန်တော်ရိုက်လည်း ရိုက်ခဲ့ပါတယ်။ ငယ်ငယ်သန့်သန့် ပြန့်ပြန့်နဲ့ ရုံးတက်တဲ့ ပုံစံမျိုးကိုပေါ့။ မိသားစုကို ဦးစားပေးတဲ့ ပုံစံမျိုးမြင်တွေ့ရမှာပါ။ ကျွန်တော်ကြားဖူးတယ်။ မိသားစုကို ဦးစားပေးတဲ့အခါမှာ အိမ်ထောင်ပြုရင် ယောင်္ကျားကောင်းဖြစ်ဖို့ ခဲယဉ်းတယ်။ အဲဒီလိုပဲ သားလိမ္မာ ဖြစ်တဲ့ အခါမှာလည်း ယောင်္ကျားကောင်းဖြစ်ဖို့ ခဲယဉ်းတယ်ဆိုတော့ ဒီဇာတ်ကောင် နှစ်ခုကြားမှာ ကျွန်တော် ဝေမျှပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သရုပ်ဆောင် ရွှေသမီးက “ ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီသားပိုက်ကောင်ဆိုတဲ့ ဇာတ်ကားအတိုင်း အဘွားနဲ့မြေး ဇာတ်လေးပါ။ ကိုယ်ပါဝင်ရတဲ့အပိုင်းကို သေချာကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းကို မရိုက်ခင်ဖတ်တဲ့ အခါမှာလည်း ကိုယ်တိုင်က အဘွားကိုချစ်တဲ့ လူတစ်ယောက်မို့ အခက်အခဲမရှိပါဘူး။ ဒါကြောင့် ရိုက်ဖြစ်သွားတာပါ။ မကြီးစိုးနဲ့ ကိုထွန်းတို့လည်း ပါဝင်တာကြောင့် ကြိုက်တဲ့ဇာတ်ကားလေးမို့ရိုက်ဖြစ်တာပါ။ ဒီဇာတ်ကားမှာ အဘွားနဲ့ မြေးကို ဇာတ်ပို့ပေးရတာပါ။ ကိုယ်တိုင်က မင်းသားရဲ့ချစ်သူ တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရပြီး မင်းသားရဲ့ အဘွားကို မလိုတဲ့စကားတွေ ပြောပေးရတာပေါ့။ ကိုယ်ပါဝင်ရတဲ့ အပိုင်းမှာ အကောင်းဆုံးတော့ သရုပ်ဆောင် ထားတာပါ။ ဒီဇာတ်ကားလေးရဲ့ နောက်ဆုံးမှာ စာတမ်းထိုးသွားတာ အဘွားဆိုတာ တစ်ချိန်တုန်းက အမေပါပဲ။ ကိုယ်အဖေ ကိုယ်အမေကို မွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကိုယ်တိုင်လည်း အဘွားကို ချစ်ပါတယ်။ အဘွားတွေအတွက် အမှတ်တရတွေ အများကြီးရှိပါတယ်။ သရုပ်ဆောင် အကယ်ဒမီထွန်းထွန်းနဲ့ ကားရိုက် လည်းများခဲ့ပါပြီ။ ဒီဇာတ်ကားမှာလည်း အပေးအယူမျှမျှ သရုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောသည်။

“သားပိုက်ကောင်” ရုပ်ရှင်ဇာတ်ကားသည် သားအချစ်မြေးအနှစ်ဆိုသည့်အတိုင်း မြေးအပေါ်တွင် အချစ်ပိုသလို မြေးကလည်း အဘွား၏ ချစ်မေတ္တာကို နားလည်ပြီး အဘွားအပေါ်ပိုပြီး ဂရုစိုက်ကာ ချစ်မေတ္တာတွေပေးဖို့ လိုအပ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အဝတ်အစားမျိုး ဝတ်ဆင်သည့်အခါ လူရမ်းကားများ၏ နှောက်ယှက်မှုကို ကြုံတွေ့ရနိုင်ကြောင်း၊ မိဘများကလည်း သားသမီးများအပေါ် ဆုံးမသွန်သင်ရန် လိုအပ်ကြောင်း၊ အညာကျေးလက်ဒေသ၏ ဓလေ့စရိုက်၊ ပွင့်ပွင့်လင်းလင်း ပြောဆိုမှု၊ ရိုးသားမှု၊ လူအများအပေါ် ကူညီတတ်မှုများကို ဖော်ကျူးပြသထားကြောင်း၊ ချစ်သူထက် မိသားစုအပေါ် ပိုပြီးဂရုစိုက် တန်ဖိုးထားသည့် ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်ထားကြောင်း သိရသည်။

သတင်း- ဥမ္မာသန့်၊ မီမီဖြိုး

ဓာတ်ပုံ- ဇော်မင်းလတ်