ရတနာ့ ဂူပွဲတော်

မန္တလေး ၁၇ သြဂုတ်

 

ဝနာတစ်ခွင်မှာလေ ....
ရာဇပလ္လင်တွေဝိုင်းပြီးတော့
တစ်ပိုင်းတစ်စစီသာကျန်၊
ပစ္စကျုံးမြောင်းတို့သ္ဌာန်၊
မန္တလေးလုံချည်၊
ပိုးလုံချည်တွေထွက်တဲ့
၎င်းအချက်ကျနေရာပေါ့။
တဘောင်ချို့တဲ့
တောင်မြို့လို့ဆိုပါတော့ ....
စခန်းမြေသာတယ်၊
လွမ်းဖွယ်ရာအမှန်
နှစ်ပေါင်းတစ်ရာကျော်ပြန်၊
အင်းကြီးတောင်သမန် ....
(နန်းတော်ရှေ့ဆရာတင် - တောင်သမန်သီချင်း)

 

အမရပူရမြို့သည် ကုန်းဘောင်ခေတ်၏ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ရုံသာမက သဘာဝပတ်ဝန်းကျင် သာယာမှုကြောင့်လည်း ထင်ရှားသည်။ အနောက်ဘက်တွင် မင်းဝံတောင်ရိုးနှင့် ဧရာဝတီမြစ်ရှိသည်။ မြို့နှင့် မြစ်ကြားမှာလည်း တက်သိမ်းအင်း ရှိသည်။ မြို့အရှေ့မြောက်မျက်နှာမှာ ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသော အောင်ပင်လယ်ကန်တော် ရှိသည်။ မြို့အရှေ့ဘက်မှာ ဇောင်းကလောအင်း ရှိသည်။ မြို့အရှေ့တောင်အရပ်မှာက ဒုဋ္ဌဝတီမြစ် ရှိသည်။ မြို့တော်၏ အနောက်တောင်ဘက်မှာ တောင်သမန်အင်း ရှိသည်။ တကယ်တော့ တောင်သမန်အင်းသည် အမရပူရမြို့၏ အမှတ်အသား ဖြစ်သည်။ တောင်သမန်အင်းဟုဆိုသော်ငြား ထိုစဉ်က ဆယ့်နှစ်ရာသီ ရေပြည့်ဝပ်သည်မဟုတ် နွေအခါ၌ မြေဩဇာကောင်းသော အင်းအတွင်း ကိုင်းတော၊ ယာတောများဖြင့် စိမ်းစိမ်းစိုသည်။ ယာတဲများဆီက မီးခိုးငွေ့ တလူလူများဖြင့် ထယ်ထိုးယာထွန်၊ ပေါင်းပေါက်၊ ပျိုးနှုတ်စသော အညာဓလေ့ ယာသမား၊ ကိုင်းသမားဘဝကို မြင်တွေ့နိုင်သည်။ ယာကြား၊ ကိုင်းကြားချောင်းလေးတွေကလည်း ရေတသွင်သွင်စီးလို့။ ချောင်းထဲမှာ လှေကလေးနှင့် ယာထွက်သီးနှံတွေတင်ကာ တရွေ့ရွေ့ လှော်ခတ်သွားသည်ကိုလည်း တွေ့ရသည်။

 

မိုးတွင်းရောက်ရင်ဖြင့် ဝါဆိုဝါခေါင် ရေဖောင်ဖောင်ချိန်တွင် ဧရာဝတီမြစ်အတွင်းက တိုးရေတွေ အင်းအတွင်း စီးဝင်လာလိုက်တာပေါင်းလန်နေတာမို့ နွေကာလတုန်းက မြင်ကွင်းအားလုံး ပြဇာတ်တစ်ပုဒ်၏ နောက်ခံကားလိပ် ပြောင်းလဲလိုက်သကဲ့သို့ တစ်ခြားစီ ဖြစ်သွားသည်။ မြင်မြင်နေရာ ရေတွေဖြစ်နေတာပေါ့။ အင်းရေပြင်သည် တောင်လေရူးနှင့်အတူ လှိုင်းစီးနေသည်။ ယာတွေ၊ ကိုင်းတွေ မြုပ်သွားအောင် ဖုံးလွှမ်းသွားသည့် ရေပြင်တွင် လှေကလေးတွေ ပိုက်ချသူချ၊ မြှုံးထောင်သူထောင် ငါးမျှားသူမျှားနှင့် ယာသမားကိုင်းသမား၏ ဇာတ်ရုပ်တွေက ငါးဖမ်း တံငါသည်များ ဖြစ်ကြရပြန်သည်။ တော်သလင်း၊ သီတင်းကျွတ်အထိ ဆိုပါတော့။ တန်ဆောင်မုန်းကစပြီး တိုးရေတွေဆုတ်သွားသည်။

 

နတ်တော်၊ ပြာသိုရောက်တော့ နွေတုန်းက ကိုင်းတွေ၊ ယာတွေ ရေနှင့်အတူ ပို့ချလာခဲ့သော နှုံးတင်မြေနုတွေနှင့် အသစ်တစ်ဖန် ပြန်လည်ပေါ်လာတော့ပြန်၏။ ယာမြေ၊ ကိုင်းမြေတွေအပေါ် ဘူးညွှန့်၊ ခရမ်းညွှန့်၊ ဖရုံညွှန့် စသည့် ဆောင်းသီးနှံတို့ အညွှန့်တလူလူ တက်လာသည်။ အလားတူ ယာထဲမှာလည်း ဆောင်းသီးနှံတွေ နှင်းဖွဲဖွဲအောက်တွင် စိမ်းမြလာကြသည်။ အဝါ၊ အပြာ၊ အနီ၊ ခရမ်း စသော ပန်းပင်တွေကလည်း အလှဆင်သည်။ မာလာရွှေငုံ ထူးတနွဲ့နွဲ့၊ ခိုင်ညှာစိန်မှုန်ဖူး တလဲ့လဲ့ဟုဆိုရပေမည်။ ယာခင်း၊ ကိုင်းခင်းတွေကြား ချောင်းရေပြင်မှာလည်း သီတာမြသွေး၊ စီးသွယ်သွန်၊ ဖြာဝှန်ရေကြည်အေး ဟု ဆိုရမလို လတ်ဆက် သန့်ရှင်းအေးမြသော ရေသစ်ရေကောင်းတို့ စီးဆင်းချေပြီ။ တောင်သမန် ကျောက်တော်ကြီးဝန်းကျင်က အင်းရေလက်ကျန်ကလည်း ဖွေးဖွေးလှုပ်.....။

 

အင်းဝနန်းတော်ဟောင်းက ဟင်္သပဒါးအနီနှင့် လက်ကျန် ရွှေရောင်တို့ အစွန်းအစ ကျန်ရစ်သော သစ်သားများဖြင့် တည်ဆောက်ထားသည့် ဦးပိန်တံတားကလည်း တောင်သမန်က သုံးရာသီအလှကို ရင်သပ်ရှုမော ဖြစ်ရသည်။ ဒါကလည်း နှစ်ရှည် ကြာရှည်ခဲ့ချေပြီ။ တစ်နှစ်မဟုတ်၊ နှစ် နှစ်မဟုတ်၊ လေးငါးဆယ်နှစ်လည်းမဟုတ် .....။ နှစ်ပေါင်းရာချီကြာချေပြီ။

 

သည်နှစ်မှာတော့ “ အင်းကြီးတောင်သမန်” မှာ တိုးရေကြောင့် ရေပြည့်နေသည်။ တောင်မင်းကြီး ဘုရားခြေတော်ရင်း ကန်ပတ်လမ်း နံဘေးကကျောက်သားတမံမှာ တောင်သမန်လှိုင်းက နှုတ်ခမ်းထိအောင် လာပုတ်နေ၏။ အင်းရေတိုးတာ သိသာလာသောကြောင့် “ငှက်”  တွေကို ပြင်ဆင်ဖာထေး၊ ဆေးခြယ်သကြလေပြီ။ ဝါခေါင်လကွယ် တောင်ပြုန်းမင်းညီနောင်ပွဲတော်အပြီး ဝါခေါင်လပြည့်ကျော် (၈) ရက်နေ့ ရတနာ့ဂူဘုရားပွဲတော်နှင့်အတူ ကျင်းမည့် မယ်တော်နတ်ပွဲတွင် နတ်နန်းများသို့ “ ငှက်” များဖြင့် အပျော် ကူးသန်းကြသည်။

 

တောင်ပြုန်းပွဲတော်က မြန်မာတစ်ပြည်လုံး အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာသူများဖြင့် စည်ကားသကဲ့သို့ အမရပူရ ရတနာ့ဂူပွဲတော်က မန္တလေးမြို့သူမြို့သားများ မြို့လုံးကျွတ် ဆင်နွှဲလေ့ရှိသည့် ပွဲတော်ဖြစ်သည်။ ပွဲတော်ရက် ရောက်လျှင် ကျောက်သွေးတန်းမှာ “ တောင်မြို့ကို”  “ တောင်မြို့ကို” ဟူသော ဘတ်စ်ကားစပယ်ယာများ၏ ပါစင်ဂျာခေါ်သံများ ဆူဆူညံနေသည်။ မန္တလေးသည် ဝါ၊ ဂီ၊ နစ် အနုသုခုမနှင့် ကျွမ်းဝင်သောမြို့ ဖြစ်သောအခါ ဆယ့်နှစ်လရာသီပွဲတော်တိုင်း “ အဆို၊ အတီး၊ အက”  ထို သုံးဝနှင့် မလွတ်တမ်း ဆင်နွှဲနေကျဖြစ်၏။ ရွာစားကြီး စိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ မန္တလေး ဦးဘသိန်းစသော ဂီတပညာရှင်ကြီးများ ထွန်းပေါက်ခဲ့ကြသလို သာမန် မန္တလေးသားကလည်း ရရာတူရိယာများကို အတော်အသင့် တီးတတ်၊ မှုတ်တတ်၊ ရေးတတ်၊ ချွတ်တတ်သူချည်းဖြစ်၏။ ထို့အတူ မထွေးလေး၊ မစိန်သုံ၊ လေဘာတီမမြရင်၊ မြခြေကျင်း မငွေမြိုင်၊ ဩဘာသောင်း စသော ဝါရင့်သမ္ဘာရင့် မင်းသမီးကြီးများ ပေါ်ပေါက်ခြဲ့ကသလို သာမန် မန္တလေး အရပ်သူများကလည်း တီးလုံးတီးကွက်၊ ဒိုးဆစ်၊ ဒိုးကွက်များတွင် အချိုးကျကျ၊ လှလှပပ ခြေချိုးလက်ချိုး ကခုန်တတ်ကြသူချည်းဖြစ်သည်။

 

ထို့ကြောင့်လည်း တစ်ချိန်က မန္တလေးသင်္ကြန်သည် ယခုကဲ့သို့ တီးဝိုင်းနှင့် အဆိုတော်ကို ငွေသိန်းချီပေးခေါ်ကာ ဖျော်ဖြေစေသည့် “ပုဂ္ဂလိက”  ဆန်သော စီးပွားရေးကြော်ငြာပွဲ မဟုတ်ခဲ့ဘဲ ဦးဦးဒေါ်ဒေါ် ကိုကို မမ မောင်လေး ညီမလေး များပါမကျန် လှည်းနေလှေအောင်း မြို့လုံးကျွတ် ရေးစပ်သီဆို၊ တီးမှုတ် ကခုန်ခဲ့ကြသည့် “လူထုသင်္ကြန်” ၊ ပြည်သူ့သင်္ကြန်အဖြစ် ဂန္ထဝင်တွင်ခဲ့သည်မဟုတ်ပါလော....။

 

သင်္ကြန်ပြီးသော်လည်း “ အနုသုခုမပိုး” က မသေ....။ ရိုးတိုးရွတ ကျန်ဆဲဖြစ်ရာ၊ ကဆုန် ညောင်ရေသွန်းပွဲ၌လည်း တီးမှုတ်ကခုန် ညောင်ရေသွန်းကြသည်။ ဝါဆိုပန်းကပ်ပွဲ၌လည်း ဆိုင်ရာ ဆိုင်ရာ ဘုန်းကြီးကျောင်းများ၌ အတီးအမှုတ် အကအခုန်များနှင့်အတူ ရှာလပတ်ရည်သောက်၊ ည ချင်းသုတ် စားကြရင်းဝါဆိုပန်းကပ်ကြသည်။ ဝါခေါင်လဆန်းတော့ တောင်ပြုန်းအတွက် တီးလုံး တိုက်ကြပြန်၏။ ရွှေတချောင်းကလည်း အခုလို အမှိုက်ပိတ်ဆို့ ညစ်ပတ်နံစော်သော ရေဆိုးမြောင်းမဟုတ်.....။ “ပျားပန်းခတ်သည်တွင်၊ ရောင်းဝယ်ကူးသန်း ဟိုစဉ်၊ ချောင်းရွှေလှေလောင်း စည်ဗုံမောင်းငြိမ့်လွင်၊ မန်းမြို့သူ မူချင်ချင်၊ ဆင်တံတားထိပ် ညောင်ညိုပင် ခေါင်းလျော်ရေချို း၊ တမျိုးကြည့်လို့ယဉ်” ဟ ု မြို့မငြိမ်း ရေးစပ်ခဲ့သလို ဆင်တံတားထိပ် ညောင်ညိုပင်အောက် ရေဆိပ်တွင် ဈေးချိုသူများ ခေါင်းလျော်ရေချိုးပြီး သံတံတားဆိပ်၌ မတ္တရာ ငှက်ပျောလှေတွေ ကြက်တောင် စိုက်ထိုး ဆိုက်ကာ ဈေးချို မတ္တရာကို ရွှေတချောင်းရေကြောင်းက လှေလောင်းနှင့် ဥဒဟိုသွားလာနိုင်သည်မို့ တောင်ပြုန်းပွဲအခါ၌လည်း “မြို့မမောင်”  များနှင့်အတူ မန္တလေးအပျော်တမ်း တီးဝိုင်းတွေ “ အိမ်ကိုမြန်မြန်ပြန်ပါ၊ ကလေးတွေ ငိုကုန်ပြီ....” ဟု သံပြိုင် သီဆိုတီးမှုတ်ရင်း ငှက်၊ လောင်းလှေ၊ သမ္ဗန်များနှင့် ချိုးရေတော် သုံးဆိပ်သို့ တပျော်တပါး သွားခဲ့ကြဖူးသည်။

 

ရတနာ့ဂူပွဲတော် ရောက်ပြီဆိုတော့ မန္တလေးသူ၊ မန္တလေးသားတွေ ကိုယ့်မြို့၊ ကိုယ့်ပွဲ၊ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်မို့ ပိုမိုသီကျူး၊ တီးမှုတ်ကခုန်ကြဖို့ပြင်ဆင်သည်။ ပွဲတော်၏ အစည်ကားဆုံးနေ့ ဖြစ်သော ဝါခေါင်လကွယ်နေ့တွင်  မန္တလေးလေးမြို ့ မြောက်ပြင် အောင်ချမ်းသာ၊ အနောက်ပြင် အနောက်ပြင် ညောင်ကွဲ၊ ဖိုးပေကုန်း၊ ထုံးကုန်း၊ လက်ရွေး၊ စိန်ပန်း၊ တောင်ပြင် ဒေါနခြံ၊ ငွေတော်ကျည်ကုန်း၊ အရှေ့ပြင် သမ္မတော၊ ကန်ကောက်၊ ဘူးကုန်း၊ စည်ပိုင်းကုန်း စသော အရပ်များမှ နွားလှည်းများက ပေါင်းမိုးကိုယ်စီဆင်ကြပြီ။ ဈေးချိုပွဲစားတန်းလှည်းဝိုင်း၊ အိမ်တော်ရာလှည်းဝိုင်း၊ သကျသီဟလှည်းဝိုင်း၊ ဒီဘိုးဝင်းလှည်းဝိုင်းများမှ ကုန်တင်လှည်း အသီးသီးကလည်း လှည်းစာထိုး၊ နွားစာတင်၊ ပေါင်းမိုးဆင်ကြသည်။

 

ဝါခေါင်လကွယ် မနက်စောစော ဆွမ်းခံထိုင်ကိုယ်တော်ကို ကမန်းကတမ်း ဆွမ်းလောင်းပြီး တီးဝိုင်းတွေ လှည်းပေါ်တင်၊ အသံချဲ့စက်ဆင်ပြီး စတင်ပြင်ဆင်ကြသည်။ မန္တလေး အပျို တစ်သင်းက စူရတီ၊ ဇင်းမယ်၊ ရှန်ဟဲညွန့်၊ မြကြိုးနွယ်၊ ကောင်းကင်စက်၊ ကင်းတပ်၊ ဂျော်ဂျက်၊ ဘရိုကိတ် စသည့် အထည်အဝတ် အသီးသီး ရောင်စုံ၊ အမျိုးအစားစုံကို အပြိုင်အဆိုင် ဆင်မြန်းပြီး ရွှေခြေကျင်းကိုယ်စီ ပုံတော်ကတ္တီပါ ဖိနပ်ကိုယ်စီဖြင့် လှည်းနောက်ခြေ တွဲလောင်းချ ထိုင်ရမည့် နေရာကို အလုအယက်ဦးကာ လှည်းဆရာကာလသား၏ စုပ်သတ် တံပြာ ဝင့်သံနှင့်အတူ “ စံရာတောင် ကျွန်း” ရေကင်းသံနှင့်အတူ “တောင်မြို့ ” ဆီသို့ လှည်းကိုယ်စီနှင့် အရပ်ကြား၊ ဝင်းကြား၊ လမ်းကြား၊ ပြကြားမှ ဟောတစ်စီး၊ ဟောတစ်စီး ထွက်လာလိုက်ကြသည်မှာ ဘုရားကြီးအနောက်မုခ် မင်းသားစုရောက်တော့ လှည်းပေါင်းအစီးရေ ရာချီပြီး သီချင်းသံတီးမှုတ်သံများ ဘဝဂ်တိုင်တော့သည်။

 

မျက်နှာပြောင်သော ကာလသားတချို့က အမေရိကန်မြင်းစီး ကောင်းဘွိုင်လို၊ ရက်အင်ဒီယန်း လူနီလူရိုင်းလို၊ ရောမ စစ်သူကြီးလို၊ မြန်မာသူရဲကောင်း ဗန္ဓုလလို အပီအပြင် အကျအန ဝတ်ဆင်ပြီး မြင်းကိုယ်စီဖြင့် ဟန်ရေးပြ အကြောင်ရိုက်ကာ အပျိုလှည်းနောက် ထပ်ချပ် လိုက်ကြသည်လည်း ရှိသည်။

 

“ ဟဲ့ ... နင်ကတော့ ဒီမှာအပျော်ကျူးနေ ကလေးတော့ နို့တိုက် မထားခဲ့ဘူး။ အခု ကွဲကွဲလန် ငိုနေလို့။ ကလေးလိုက်ပေးရတာ”  ဟု ကော်ပတ်ရုပ် နီတာရဲအား အနှီးဖြင့်ပွေ့ပြီး လှည်းနောက်က မိန်းမပျိုနောက် တကောက်ကောက် လိုက်ပေးသူလည်း ရှိသည်။

 

“အမေ၊ အမေ့သမီး ပြောပါဦးဗျ။ ကျွန်တော့ကျ အိမ်ထဲက အိမ်ပြင် မထွက်နဲ့တဲ့။ သူကျအခု အပျိုလုပ် ထွက်လည်နေပြီ။ တောင်းရမ်းယူတုန်းကတော့ သမီးအလိမ္မာလေးဆို”ဟု လှည်းရံတိုင်ကိုင်ရင်း တတွတ်တွတ် နားညီးအောင်ပြောနေသော သူကို မအေကြီးက ခြေဆောင့်ကာ စိတ်ဆိုးတော့၊ ကိုယ်တော်ချောက ဘာလဲ ကြီးတော်က မကြီးမငယ်နဲ့ ခြေဆောင့်ပြနေတာ၊ သမီးနဲ့အပြိုင် ရွှေခြေကျင်းဝတ်ချင်လို့လား၊ ဦးဖိုးချမ်း တစ်ရံတော့ “ ဟုဆိုပြီး ကုလား ရွှေစက္ကူကပ်ခြေကျင်း ဧရာမကြီး ထုတ်ကာပြ၍ မအေကြီးက စိတ်မထိန်းနိုင်ဘဲ ကာလနာ၊ မြွေပွေးကိုက်နှင့် စုံအောင်ဆဲတော့ ဝါးခနဲ ရယ်ကြ၏။

 

ဤလှည်းတန်းကြီးက တောင်သမန်အင်းစောင်း မယ်ဇယ်တန်းတွင် စခန်းချ ရပ်နားကြ၏။ ချက်ပြုတ်စားကြ၏။ သူ့လှည်း၊ ကိုယ့်လှည်းအပြိုင် တီးမှုတ်ကြ၏။ ကာလသား၊ ကာလသမီးများက တောင်သမန်အင်းတွင်း “ငှက်” စီးက နတ်နန်းများသို့ ပန်တော်ပန်းဆက်ကြ၏။ ကျောက်ပန်းခွေများကို ခေါင်း၌စွပ်ကာ ကြားဝံ့နာသာပြီး ပျော်ရွှင်ရယ်မောဖွယ် အပျော်စကားများဖြင့် စပြောင်ကျီစယ်ကြ၏။ ထိုစဉ်က လူကြီးသူမများ ပြောဖူးသည်။ “ မန္တလေးမှာ၊ သင်္ကြန်....၊ တောင်ပြုန်း၊ ရတနာ့ဂူနဲ့ စစ်ကိုင်းတောင်ရိုး ကထိန် တစ်ပွဲပွဲမှာမှ မစွံရင် တစ်သက် မစွံတော့ဘူး..” တဲ့။ အပျိုလူပျိုတူ၊ တူမများကို နောက်ပြောင်သလိုလိုနှင့် တပ်လှန့်သည့်စကား ဖြစ်သည်။ ထိုသို့သော လူကြီးတွေ စကားကလည်း အတိတ်မှာ ကျန်ရစ်ခဲ့လေပြီ။

 

ဆူးငှက်