ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရပ်စောက် ဩဂုတ်        ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ရပ်စောက်မြို့နယ်၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းမှစတင်၍ အသက်(၆၅)နှစ်နှင့်အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ စေတနာ့ဝန်ထမ်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၃ ရက်အထိ ၂၃၄၃ ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေး တစ်လုံးကို လူနှစ်ဦးနှုန်းဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)