ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ထားရှိမည့် အဆောက်အဦအတွက် လိုအပ်သည့်လုပ်ငန်းများ စတင်ဆောင်ရွက်

ပင်လောင်း   စက်တင်ဘာ   ၂၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လာသည့် Oxygen Plant ထားရှိရန်အတွက် မြို့နယ်ပြည်သူ့ ဆေးရုံ၀င်းအတွင်းရှိ မြေကွက်လပ်တွင် အဆောက်အအုံ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်၌ မြို့နယ်ဆေးရုံနှင့်တိုက်နယ်ဆေးရုံ လေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် သာမာန်ရောဂါဖြစ်ပွား၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးတွင်းအောက်ဆီဂျင်ကျဆင်းပြီး အောက်ဆီဂျင်ရှူရန် လိုအပ်ပါက လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်ပြီး အသက်အန္တရာယ် ဆုံးရှုံးရမည့် အခြေအနေမှ ကင်းလွတ်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ရောက်ရှိလာပြီး ထားရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၀င်းမြေကွက်လပ်တွင် အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက တစ်နေ့လျှင် ၄၀ လီတာဆံ့ ဆလင်ဒါအိုး ၁၅ လုံးခန့် ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

 

ပင်လောင်းမြို့နယ်ရှိ ဆေးရုံ ၅ ရုံတွင် အောက်ဆီဂျင် အလုံအလောက် သုံးစွဲသွားနိုင်မည်ဖြစ်သဖြင့် ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များအနေဖြင့် အဆောက်အဦး လျင်မြန်စွာ ပြီးမြောက်နိုင်ရေးအတွက် ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဥက္ကဌ- ၀၉ ၄၃၀၀၇၄၃၄ နှင့် ၀၈၁ ၂၃၅၄၀၁၈၊ ၀၈၁ ၂၃၅၄၀၁၂ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

 

ထွန်းလင်း(ပင်လောင်း)