ရဲထွန်းနောင်ယှဉ်ပြိုင်မည့် အိုလံပစ်သေနတ်ပစ် ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲ ဇူလိုင် ၂၄ ရက်ပြုလုပ်မည်

ရန်ကုန် ဇူလိုင် ၂၂

တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံ၌ စတင်ကျင်းပနေပြီဖြစ်ပြီး မြန်မာ့လက်ရွေးစင် သေနတ်ပစ်အားကစားသမား ရဲထွန်းနောင် ယှဉ်ပြိုင်မည့်  ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ပြုလုပ်သွားမည်ဖြစ်သည်။ သေနတ်ပစ်ပြိုင်ပွဲကို တိုကျိုမြို့ရှိ Asaka Shooting Range ၌ ပြုလုပ်မည်ဖြစ်သည်။

၁၀ မီတာ လေပစ္စတိုပြိုင်ပွဲကို ဇူလိုင် ၂၄ ရက် တစ်ရက်တည်းအပြီးကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်းတွင်  Qualification ပွဲစဉ်များယှဉ်ပြိုင်ရမည်ဖြစ်ကာ မွန်းလွဲပိုင်းတွင် Final ပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲ Qualification ပွဲစဉ်တွင် ရဲထွန်းနောင်နှင့်အတူ  အားကစားသမား ၃၆ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး တရုတ်၊ အီဂျစ်၊ မက်ဆီဒိုးနီးယား၊ တူနီးရှား၊ ရုရှား၊ အိုက်စလန်၊ အမေရိကန်၊ မွန်ဂိုလီးယား၊ ဂျပန်၊ အီရန်၊ တူရကီ၊ ကျူးဘား၊ အဇာဘိုင်ဂျန်၊ အက်စ်တိုးနီးယား၊ ပီရူး၊ ဆားဘီးယား၊ ယူကရိန်း၊ ဗီယက်နမ်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ အိန္ဒိယစသည့်နိုင်ငံများမှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲတွင် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ၌ ရွှေဆုရခဲ့သည့် ဗီယက်နမ်ကစားသမား၊ ငွေဆုရခဲ့သည့် ဘရာဇီးကစားသမားများပါ ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရဲထွန်းနောင်သည် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲ တစ်ခုသာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ရဲထွန်းနောင်သည် အိုလံပစ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲနှင့် မီတာ ၅၀ ပစ္စတိုပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သတင်း-ရဲရင့်လွင်